အခန်း ၄: နှစ်ခါပြန် ဝင်ခြင်း

703 107 12
                                    

အခန်း : နှစ်ခါပြန် ဝင်ခြင်း

ယိုဟော့ အကျဉ်းခန်းထဲမှ ထွက်လာသောအခါ လျှောက်လမ်းမှာ အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေ၏။

သူ့အခန်း၏ မျက်နှာချင်းဆိုင် ထိပ်ပြောင်နှင့်လူရှိနေသောအခန်းမှ ဘာအသံမှ မကြားရချေ။ အခန်းမှ သွေးများသာ စိမ့်ထွက်နေလေသည်။

သူက ရွံရှာဟန်ဖြင့် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး သွေးကွက်များကို ရှောင်၍ လျှောက်သွားသည်။

ခဏအကြာတွင် ရုတ်တရက် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။

သူ့ကို အရိပ်ထဲမှ တစ်ယောက်ယောက်ကြည့်နေသည်ဟု ထူးထူးဆန်းဆန်းခံစားနေရသည်။ တစ်ခုခုက သူ့ကို ငုံ့ကြည့်နေသလိုမျိုးနှင့်တူသည်။ အသက်မဲ့သော မျက်လုံးတစ်စုံက ငြိမ်သက်စွာ စိုက်ကြည့်နေသလိုမျိုးဖြစ်သည်။

ယိုဟော့က အပေါ်ကို မော့ကြည့်လိုက်သည်။

သူ့အပေါ်တွင် မျက်နှာကြက်အဖြူသာ ရှိသည်။ မှိန်ပျပျ အလင်းရောင်မှလွဲ၍ ဘာမှမရှိပေ။

·

"ဟာ သေလိုက်ပါတော့ အပြစ်ပေးချိန်ကျော်တဲ့အထိ အိပ်မိတော့မလို့၊ အဲဒီ သောက်သုံးမကျတဲ့ မျက်နှာသေနဲ့အကောင်ကတော့........" တစ်စုံတစ်ယောက်က အပေါ်ထပ်မှ ပြေးဆင်းလာပြီး ထောင့်ချိုးကိုကွေ့လိုက်သောအခါ အမြန်အရှိန်သက်လိုက်သည်။

"မင်းကိုး၊ အဟွတ်.. ထွက်လာပြီလား"

ယိုဟော့က မျက်နှာကြက်မှ သူ့အကြည့်များကို ရုတ်သိမ်းလိုက်သည်။

ပြေးလာသောသူမှာ စာမေးပွဲခန်းစောင့် 922 ဖြစ်သည်။

သူ ယိုဟော့ကို ကြည့်လိုက်ပြီး ချက်ချင်းလက်ငင်း သူ၏ပုံမှန် လေသံကို ပြန်ပြောင်းလိုက်သည်။ "ခွင့်ပြုပါဦး" ဟု ခပ်သွက်သွက်လေးပြောလိုက်ပြီး လျှောက်လမ်းအတိုင်း မြန်မြန်ဆင်းချသွား၍ သွေးစွန်းနေသောတံခါးကို ဖွင့်လိုက်လေသည်။

ခဏအကြာမှာ ထိပ်ပြောင်နှင့်လူကို ခေါ်ထုတ်လာသည်။

922 က ခြေတရွတ်ဆွဲနေသော လူလတ်ပိုင်းအရွယ် အမျိုးသားကို သယ်လာပြီး ခက်ခက်ခဲခဲ လမ်းလျှောက်လာနေသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now