အခန်း (၃၉၁) : မယှဉ်နိုင်ခြင်း
လီကျွင်းက အာကာပြင် လမ်းကြောင်းမှ လွင့်ထွက်လာသည့်နောက် လက်ကို ဆန့်ထုတ်လိုက်သော်လည်း လေကိုသာ ဖမ်းဆုပ်မိလေသည်။ သူက စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် သူ့ကိုယ်သူ သလင်းကျောက်အလွှာ အပြင်ဘက် ရောက်ရှိနေသည်ကို မြင်လိုက်ရ၏။
သူက တစ်စုံတစ်ခုကို တွေးမိကာ အထဲသို့ ပြေးဝင်သွားသော်လည်း သလင်းကျောက်အလွှာမှ ပြန်ကန်ထွက်လာပြီး အထဲသို့ မဝင်ရောက်နိုင်ပေ။
ဝမ်ဝေ့၏ အဘိုး ဝမ်ချန်က သူ့အနားတွင် ပေါ်ထွက်လာလေ၏။
" ဘာဖြစ်တာလဲ"
" ကျွန်တော် မသိဘူး။ အစ်ကိုကြီးက ကျွန်တော်တို့ကို ရုတ်ချည်း အပြင်ထုတ်လိုက်တာ။ အခု ပြန်ဝင်လို့ မရတဲ့ပုံပဲ"
ဝမ်ချန်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူက ကမ္ဘာဦးစိတ်ဝိညာဉ် နယ်ပယ်အဆင့်မှ လူတချို့ကို ဆက်သွယ်ကာ အထဲသို့ဝင်ဖို့ ကြိုးစားကြည့်ခိုင်းခဲ့သော်လည်း ကျရှုံးခဲ့၏။
အဆုံးသတ်တွင်မူ သူက သူ့သားအား ဆက်သွယ်ကာ ဝမ်ဝေ့၏ ဝိညာဉ်မီးအိမ်အား စစ်ဆေးကြည့်ခိုင်းလိုက်သည်။ သူ အန္တရာယ်ရှိနေလား မရှိနေလား သိရှိဖို့ရန် ဖြစ်၏။
ထိုစဉ် ကောင်းကင်ဘုံဗိမာန် ကမ္ဘာအတွင်း
ဝမ်ဝေ့က သူ့ရှေ့အထက် မျောလွင့်နေသည့်လူကို စိုက်ကြည့်လိုက်သည်။ သူက လေးနက်သော အမူအရာမျိုး ရှိနေ၏။
" ငါ့နည်းလမ်းက မင်းရဲ့ အလိုလိုသိစိတ်ကို အပြည့်အဝ မဖယ်ထုတ်နိုင်ဘူးဆိုတာ မယုံခဲ့မိဘူး" တိထျန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
" ငါ ဒီမှာရောက်နေတာ ဘယ်လိုလုပ် သိတာလဲ" ဝမ်ဝေ့က ဝေဟင်အား ကြည့်ရင်း မေးလိုက်သည်။ သူက တစ်ကမ္ဘာလုံးသည် အားကောင်းသည့် အစီအရင် တစ်ခုဖြင့် ဖုံးလွှမ်းထားသည်ကို ခံစားမိလိုက်၏။ ထို့အပြင် သူက ထိုအစီအရင်၏ ဇစ်မြစ်ကို မမှန်းဆနိုင်ပေ။
" မင်းရဲ့ အပြုအမူ သေးသေးလေးက ငါ့အိပ်စက်သူတွေဆီကနေ လွတ်မြောက်မယ်များ ထင်နေလား။ သူတို့က ထာဝရဧကရာဇ်တွေရဲ့ လက်အောက်မှာတောင် ရှင်သန်လာကြတာ။ မင်းလိုလူမျိုးဆို ထည့်ပြောစရာတောင် မလိုဘူး"