အခန်း (၃၀၁) : စူးစမ်းရှာဖွေခြင်း
သလင်းကျောက်အလွှာထဲ ဝင်ရောက်ပြီးသည့်နောက်တွင် လီကျွင်း ထူထပ်ပျစ်နှစ်သည့် အရည်တစ်ခုထဲ ဖြတ်သန်းလိုက်ရသလို ခံစားလိုက်ရသည်။ သူ မဝင်ရောက်နိုင်ခင် အနည်းငယ် တွန်းကန်မှုတချို့ ရှိခဲ့သည်။ ခဏအကြာတွင် အရာအားလုံးက မှောင်မဲသွားကာ သူ့အဖွဲ့နှင့်အတူ လွင်ပြင်တစ်ခုအတွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။
သူက ဘေးပတ်လည်ကို ကြည့်ကာ တစ်ယောက်မှ မရှိသည်ကို မြင်ပြီး စိတ်အေးမိသွားသည်။
" ငါတို့ အစီအစဉ်အတိုင်း ဆက်လုပ်ကြမယ်" သူက ပြောလိုက်ပြီးနောက် ကိုယ်ပျောက်အဆောင်ကို အသက်သွင်းလိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို အဖွဲ့က သူတို့စမှတ်မှ မိုင်ရာချီ ကွာဝေးသည့် တောင်တစ်ခုဆီ ဦးတည်လိုက်ကြသည်။ သူတို့က တောင်အတွင်း ဂူကြီးတစ်ခု ဖန်တီးကာ လူများရှာမတွေ့နိုင်အောင် အတားအဆီးများ ချမှတ်ထားလိုက်သည်။
လီကျွင်း သတိထားသည်မှာ မှန်ကန်ပေသည်။ အကြောင်းမှာ တစ်ယောက်ယောက်က သူတို့ ထွက်သွားပြီး မိနစ်ပိုင်းကြာလောက်တွင် သူတို့ဆင်းသက်ခဲ့ရာနေရာသို့ ရောက်ရှိလာလေသည်။ ထိုလူက မိုင်ထောင်ချီအဝေးသို့ ရှာဖွေပြီးနောက် ထွက်သွားလေသည်။
လီကျွင်းက ယာယီအခြေစိုက်စခန်းကို ဆောက်လုပ်ပြီးနောက် ဝမ်ကျူအား ကြည့်လိုက်သည် " အခု မင်းအလှည့်ပဲ"
သူမက ခေါင်းညိတ်ပြကာ လက်ကို ဝှေ့လိုက်သည့်အချိန် အနက်ရောင် ကိုယ်ကျပ်ဝတ်စုံနှင့် မျက်နှာဖုံး ဝတ်ဆင်ထားသည့် လူတစ်ယောက်က အားလုံးရှေ့မှောက် ထွက်ပေါ်လာသည်။ ထိုလူက သူတို့ရှေ့မှောက်တွင် ရပ်နေသော်လည်း အမှန်တကယ် မတည်ရှိသလိုမျိုး ပုံရိပ်ယောင် လေထုမျိုး ရှိနေသည်။
" ဒီတစ်ခေါက် မင်းရဲ့ တာဝန်ကို သတိထားပြီး လုပ်ဆောင်ခဲ့" ဝမ်ကျူက အမိန့်ပေးလိုက်သည်။ ထိုလူက ခေါင်းညိတ်ပြပြီးနောက် ဘာမှမပြောဘဲ ပျောက်ကွယ်သွားလေသည်။
" ဒါက အစ်ကိုကြီးဝမ်ဝေ့ လတ်တလော လေ့ကျင့်ပေးထားတဲ့ ကံကြမ္မာအရိပ်အဖွဲ့ဝင်ထဲက တစ်ယောက်လား" ယန်းလီလင်းက မေးလိုက်သည်။