ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၉)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၂၆၅) ပြင်ဆင်ခြင်း
စုယာနှင့် လင်းဖန်တို့၏ တိုက်ပွဲအပြီးတွင် နောက်ထပ်စိန်ခေါ်မှုတစ်ခု ဖြစ်ပွားလာသည်။ ဤသည်က ကျီစုန့်ကို စိန်ခေါ်လိုက်သည့် ကျန့်ဝူရွှမ်း ဖြစ်၏။ ကံဆိုးစွာဖြင့် ကျီစုန့်က စိန်ခေါ်မှုအား ငြင်းပယ်ခဲ့သည်။
" ဘာလို့ ငါ့စိန်ခေါ်မှုကို ငြင်းတာလဲ" ဓားသမား ကျန့်ဝူရွှမ်းက မေးလိုက်သည်။
" ဒါပြီးရင် ငါ့အတွက် ပိုအရေးကြီးတဲ့ တိုက်ပွဲ ရှိသေးတယ်"
ထိုအခါမှ ကျန့်ဝူရွှမ်းက ကျီစုန့်နှင့် ဝမ်ဝေ့တို့ လွန်ခဲ့သော ဆယ်စုနှစ်က ကတိပြုထားသည့် တိုက်ပွဲအကြောင်း အမှတ်ရသွားလေသည်။ ထို့ကြောင့် သူက ပြောလိုက်၏ " ဒီလိုဆိုရင် ငါတို့တွေ တိုက်ကွက် တစ်ကွက်တည်းနဲ့ တိုက်ပွဲရလဒ်ကို ဆုံးဖြတ်ရင် ဘယ်လိုလဲ"
အစက ကျီစုန့်က ထိုအကြံပြုချက်ကို သဘောမကျသော်လည်း တစ်ဖက်လူ၏ ဆုံးဖြတ်ချက်နှင့် တိုက်ခိုက်လိုစိတ်ကို မြင်မိပြီး လက်ခံလိုက်သည်။ ထို့ကြောင့် သူတို့နှစ်ဦးက တိုက်ပွဲစင်မြင့်ပေါ်သို့ ပျံသန်းသွားလိုက်ကြသည်။
ကျန့်ဝူရွှမ်းက အချိန်မဆွဲဘဲ ဓားကို ထုတ်လိုက်သည်။ သူ၏ တည်ငြိမ်အေးဆေးသော အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ဓားတစ်ချောင်းလို ထက်ရှလာသည်။ သူ့ခန္ဓာကိုယ်မှ အထွတ်အထိပ် ဓားဆန္ဒတစ်ခု ဖြစ်တည်လာကာ ထိုဓားဆန္ဒက အဆုံးမဲ့ ကန့်သတ်ချက်မဲ့ဟန်ပေါ်သည်။
ဓားဆန္ဒကို ဆယ်စက္ကန့်လောက် စုစည်းပြီးသည့်နောက်တွင် ကျန့်ဝူရွှမ်းက အေးဆေးနေသည့် ကျီစုန့်အား ကြည့်လိုက်သည်။ ကျန့်ဝူရွှမ်းက ဘာမှမပြောဘဲ ဓားဖြင့် ခုတ်ချလိုက်၏။
လခြမ်းကွေးသဏ္ဌာန် ဓားချက်က ကျီစုန့်ဆီ တိုးဝင်သွားပြီး စင်မြင့်ကိုပင် နှစ်ပိုင်း ပိုင်းတော့မလိုမျိုး အမှတ်ရာကြီးတစ်ခု ချန်ထားရစ်ခဲ့သည်။