အခန်း(216)

Start from the beginning
                                    

ကျန့်ဝူရွှမ်းက ဝမ်ဝေ့၏ ဆိုလိုရင်းကို နားလည်လိုက်သည့်အတွက် မျက်မှောင်ကြုတ်မိသွားသည်။ သူက ယခင်မျိုးဆက်မှ အရှက်ရမှုကို ချေဖျက်ကာ ဓားရေးဖြင့် ဂိုဏ်း၏ ဂုဏ်သတင်းအား ပြန်အဖတ်ဆယ်ပေးလိုသော်လည်း တစ်ဖက်လူက ဓားသမား မဟုတ်သည့်အခါ အနိုင်ရလျှင်ပင် အဓိပ္ပါယ်မရှိတော့ချေ။

ကျန့်ဝူရွှမ်းက ဝမ်ဝေ့ကို အနိုင်ရသွားလျှင်ပင် ကောင်းကင်ရွေးချယ်ခံ တစ်ယောက်က နောက်တစ်ယောက်ကို အနိုင်ရသွားရုံမျှသာ ဖြစ်ပြီး ဓားရေးစံအိမ်၏ ဓားတာအိုက တာအိုအခွင့်အလမ်းဂိုဏ်း၏ ဓားတာအိုကို အနိုင်ရသွားခြင်း မဟုတ်ပေ။

ကျန့်ဝူရွှမ်းက တွေးနေစဉ် အံ့ဖွယ်ခန္ဓာအဆင့်ရှိသည့် သူ့စီနီယာတစ်ယောက်က ရှေ့ထွက်လာကာ အော်ပြောလိုက်သည် " မင်း တိုက်ဖို့ ကြောက်ရင် ကြောက်တယ်ပေါ့။ တခြားအကြောင်းပြချက်တွေ သုံးမနေနဲ့ "

နေရာတစ်ခုလုံး တဖန် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ အားလုံးက တအံ့တဩဖြင့် ဘာဆက်ဖြစ်လာမလဲ စောင့်ဆိုင်းနေကြသည်။ သူတို့က ကြာကြာမစောင့်လိုက်ရပေ။

ဝမ်ဝေ့၏ အကြည့်က စကားပြောလိုက်သူထံ ရောက်လာသည်။ ထို့နောက် နေရာတစ်ဝိုက်လုံးကို လွှမ်းခြုံသွားသည့် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါက ရှေးခေတ်အချိန် ကမ္ဘာထဲ လှည့်လည်သွားလာနေသည့် ရှေးဟောင်းသားရဲ သို့မဟုတ် ကမ္ဘာဦးနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်၏။

ထိုကမ္ဘာဦးသက်ရှိက နဂါးများနှင့် ဇာမဏီများကိုပင် မနက်စာနှင့် ညစာအတွက် အမဲလိုက်ခဲ့သူများ ဖြစ်ပေသည်။ သူက ကြယ်တာရာများကို အဆာပြေအဖြစ် စားသုံးပြီး မိုးမြေကို အချိုပွဲအဖြစ် သတ်မှတ်ထားသူ ဖြစ်၏။ သူက အစားအစာကွင်းဆက်၏ ထိပ်ဆုံးတွင် တည်ရှိသူ ဖြစ်ပေသည်။

ထိုအရှိန်အဝါက ဓားရေးစံအိမ်မှ စီနီယာကို လွှမ်းခြုံသွားသည်နှင့် သွေးအန်လိုက်ရပြီး မြေပေါ် လဲကျသွားကာ မေ့သွားလေသည်။ အကယ်၍ ကျန့်ဝူရွှမ်းသာ သူ့ဓားအငွေ့အသက်ဖြင့် ထိုစီနီယာကို ကာကွယ်ပေးမထားလျှင် နေရာမှာတင် အသက်ပျောက်သွားနိုင်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now