အခန်း ၆၀: ရုတ်တရက်ဆန်စွာ ချိုးကွေ့ခြင်း
ဤစာမေးပွဲစင်တာသည် အချိန်အကြာကြီး တည်ရှိနေခဲ့ခြင်းဖြစ်သည်။
လက်တွေ့ကအချိန်ကို အခြေခံ၍ ရေတွက်ကြည့်လျှင် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သည်နေရာကအချိန်ကို အခြေခံလျှင် နှစ် ၁၀၀ ခန့်သက်တမ်းရှိသော ကျွန်းတစ်ကျွန်းဟု ယူဆနိုင်သည်။
နှစ် ၁၀၀ နီးပါး ရေဘဝဲများသည် ဤကျွန်းထောင့်နားတွင် သားရဲတွင်းအဖြစ် အခြေချနေခဲ့ကြသည်။
တစ်ကောင်မှ နှစ်ကောင်၊ ထိုမှ အခုအခါ သုံးကောင်ရှိသောမိသားစုတစ်စုပင် ဖြစ်နေချေပြီ။
သေချာပေါက် သူတို့သည်လည်း ရေခဲအောက်မှ အနှီဖြူဖျော့ဖျော့မျက်နှာများ၏ တည်ရှိမှုကို သိထားသည်။ သိရုံတင်မက ထိုအရာများ အရွယ်အစား ကြီးသည်ထက် ကြီးကြီးလာကာ နောက်ဆုံးတွင် ရန်သွားစ၍ မရနိုင်သော ကျွန်းပေါ်မှ တည်ရှိမှုတစ်ခုဖြစ်လာသည်ကို မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။
ညအခါ ထိုမျက်နှာများ လျှောက်ပတ်သွားနေသည့်အခါတိုင်း ထိုမြင်ကွင်းသည် အမှန်တကယ်ပင် ဆိုးရွားလှသည်....
အကြောင်းအမျိုးမျိုးကြောင့် သူတို့သည် ထိုဖြူဖျော့ဖျော့မျက်နှာများနှင့် မပတ်သက်ချင်ကြပေ။
ကံကောင်းစွာဖြင့် သူတို့အမှုကိစ္စလုပ်ဆောင်သည့် နယ်ပယ်သည် မတူညီကြပါ။
သူတို့က သင်္ဘောခန်းထဲတွင် စားသောက်ကြချိန်တွင် ထိုမျက်နှာများသည် ကမ်းစပ်တွင် ဖြေဆိုသူများ နောက်မှလိုက်ကြသည်။ သူတို့စားသောက်ပြီး၍ ပင်လယ်ထဲပြန်သည့်အချိန်တွင် ထိုမျက်နှာများသည် ကမ်းပေါ်တွင် ဖြေဆိုသူများနောက်မှ လိုက်ဆဲပင်။
ရေတွင်းမှရေသည် မြစ်ရေနှင့် မရောနှောသကဲ့သို့ပင်။
ကျွန်းပေါ်မှဘဝသည် အမြဲလိုလို ဤသို့ဤပုံ ရှိနေလိမ့်မည်ဟု သူတို့ထင်ထားကြသည်။
ဤကဲ့သို့အရာမျိုးဖြစ်လာလိမ့်မည်ဟု.... သူတို့ဘယ်တုန်းကမှ မထင်ထားခဲ့ပါ။
ရေဘဝဲသုံးကောင်သည် နေရာမှာတင် အေးခဲတောင့်တင်းနေကြသည်။
သူတို့သည် အချိန်ခဏခန့် တောင့်တင်းနေပြီးနောက် ပင်လယ်ထဲသို့ ထွက်ပြေးရန် အလျင်အမြန် လှည့်ထွက်လိုက်သည်။
သို့သော် ထိုအချိန်တွင် တစ်စုံတစ်ခု ပြောင်းလဲသွား၏———–
သင်္ဘောခန်းထဲတွင် ယိုဟော့သည် သံဗီရိုကို သူ့ခြေထောက်ဖြင့် ရိုက်ချိုးလိုက်သည်။
သံချေးတက်နေသော ပစ္စည်းသည် ပြိုလဲသွားကာ ကြမ်းပေါ်ရှိ အပေါက်ရှိရာသို့ ကွက်တိလဲကျသွားသည်။
ထို့ပြင် သင်္ဘောခန်းအပြင်တွင် လက်တန်းကို လက်တစ်ဖက်ဖြင့်ထောက်လျက် ချင်ကျိုးသည် ခုန်ဝင်လာကာ ယိုဟော့အရှေ့သို့ ကျလာသည်။ သူ့လက်များထဲတွင် ကြိုးတစ်ခွေကို သယ်လာသည်။
ယိုဟော့သည် အလိုအလျောက်ပင် ထိုကြိုးသည် ရေဘဝဲများကို ချည်နှောင်ရန် ယူလာခြင်းဖြစ်မည်ဟု တွေးလိုက်ကာ သူတို့နှစ်ယောက်၏ တစ်ယောက်၏နည်းဗျူဟာကို တစ်ယောက်နားလည်မှုသည် အတော်လေး အဆင်ပြေသည်ဟု စိတ်ထဲတွင် တွေးလိုက်သည်။ သူကြိုတွေးထားသည်ထက် ပိုကြီးမားသော ဝရုန်းသုန်းကားပွဲတစ်ခု ဖြစ်သွားသော်ငြား နောက်ဆက်တွဲကို ပြောင်မြောက်စွာ ကိုင်တွယ်ထားသည်။
သူယုံကြည်မှုများနှင့် ဆန့်ကျင်စွာ ချင်ကျိုး မတ်တပ်ပြန်ရပ်လိုက်ပြီးနောက်တွင် သူက ကြိုတင်ပြင်ဆင်ထားသော ကြိုးဖြင့် ယိုဟော့ကို ညင်သာစွာ ရစ်ပတ်လိုက်သည်။
ဆရာကြီးသည် သတိမမူမိချိန်တွင် ခံလိုက်ရသည်။ တဒင်္ဂခန့် သူသည် ကြောင်အသွားသည်။
ချီးမွမ်းစကားများနှင့် မြှောက်ပင့်ပြောနေမှုများအားလုံး ချက်ချင်း အငွေ့ပျံသွားသည်။
ဘာတွေ ပူးပေါင်းပါဝင်တာလဲ။ ဘယ်လိုသောက်သုံးမကျတဲ့ နည်းဗျူဟာ နားလည်မှုလဲ။
ချင်ကျိုးသည် သူ့လက်မောင်းများပတ်လည်တွင် ကြိုးထုံးကို ချည်နှောင်လိုက်သည့်အချိန်မှသာ သူသည် မယုံကြည်နိုင်လှစွာ မေးလိုက်သည်: "မင်း ဘာတွေလုပ်နေတာလဲ"
"မြင်နေတာကို မသိဘူးလား" ချင်ကျိုးသည် ကျန်နေသည့်ကြိုးစများကို သူ့လက်တွင် ရစ်ပတ်ခွေလိုက်သည်။ "ငါ တောင်တွေ၊ တောင်ကြားတွေကို ဖြတ်ပြီး ခရီးနှင်လာတာ လူညစ်တစ်ယောက်ကို ဖမ်းဖို့လေ။ လမ်းမှာ လူမိုက်တစ်သုတ်ကိုလည်း လှည့်စားခေါ်လာခဲ့သေးတယ်"
"..........." လူညစ်သည် သူ့နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ကာ စက္ကန့်အနည်းငယ် အသံတိတ်သွားသည်: "မင်း အရေးကြီးတာကို ဦးစားပေးလို့မရဘူးလား"
ချင်ကျိုးသည် လှည့်လိုက်ကာ သူ့အနောက်ကို ကြည့်လိုက်သည်————-
သုံးဆယ်ကျော်သော ဖြေဆိုသူများသည် တစ်ယောက်ပြီးတစ်ယောက် ဖက်ထုပ်များအလား ဝင်လာကြသည်။ သူတို့ဝင်လာသည်နှင့် အာမေဋိတ်သံများ၊ အော်ဟစ်သံမျိုးစုံ ထွက်လာကြသည်။
ထို့အပြင် သူတို့အပေါ်တွင် စနစ်၏ အပြစ်ပေးကိရိယာနှင့် စာမေးပွဲအဓိကအရာသည် စတင်၍ တိုက်ခိုက်နေပြီဖြစ်သည်.....
ဖြူဖျော့ဖျော့မျက်နှာတပ်ကြီးသည် အကျည်းတန်ရေဘဝဲများနှင့် ထိပ်တိုက်တွေ့နေကြသည်။
ထိုအခိုက်တွင် လေသည် ရုတ်ခြည်း ပြင်းထန်လာကာ လေတိုးသံများ အရပ်မျက်နှာပေါင်းစုံမှ ထွက်ပေါ်လာသည်။
အကြောင်းအချို့ကြောင့် ဖြူဖျော့ဖျော့မျက်နှာများသည် သူတို့လိုက်နေသည်မှာ ဖြေဆိုသူများဆိုသည်ကို မေ့သွားကြပြီး ထိုရေဘဝဲသုံးကောင်ဆီသို့ မထင်မှတ်ထားလောက်အောင် သဲကြီးမဲကြီး ရန်မူနေကြသည်။
သူတို့လည်ပင်းများကို ဆန့်တန်းထားကာ မျက်စိတစ်မှိတ်အတွင်းတွင် သူတို့သည် ရေဘဝဲများကို အဖြူရောင်လေဝဲတစ်ခုအဖြစ်သို့ လွှမ်းခြုံလိုက်သည်။
ဖြေဆိုသူများအဖို့ ထိုဖြူဖျော့ဖျော့မျက်နှာများထက်တွင် ဤမျှပြင်းထန်လှသော အမူအရာများကို အခု ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူတို့က ချောက်ချားစွာဖြင့် အလျင်အမြန် သင်္ဘောခန်းထောင့်သို့ ဆုတ်ဝင်သွားကြသည်။
ချင်ကျိုးသည် ပြန်လှည့်ကာ သူ့အနောက်ကို လက်ညှိုးထိုးလျက် ယိုဟော့ကို ပြောလိုက်သည်: "မင်းကို လာမဖမ်းခင် လူမိုက်တစ်ချို့ကို အရင်သွားခေါ်လာခဲ့တယ်။ ငါက ကောင်းကောင်းကြီး ဦးစားပေးသတ်မှတ်ခဲ့တယ်ထင်တာပဲ"
"............."
ယိုဟော့တွင် ထိုစကားကို တုံ့ပြန်စရာ စကားမရှိပေ။
ဤယိုယွင်းနေသောသင်္ဘော၏ အပေါ်ထပ်ကုန်းပတ်သည် ကျိုးပဲ့သွားပြီးဖြစ်သည်။ အပြင်ဘက်မြင်ကွင်းမှာ အတားအဆီးမရှိ မြင်နေရသည်။
ထိုမျက်နှာများသည် ရေဘဝဲများကို လေထဲတွင် တစ်ဝက်တစ်ပျက် မြှောက်ထားကြသည်။ ရေခဲအပိုင်းအစများနှင့် ပင်လယ်ရေငံများသည် အရပ်မျက်နှာပေါင်းစုံသို့ ပြန့်ကျဲနေကြကာ သင်္ဘောခန်းအတွင်းပိုင်းကို လှိုင်းလုံးအဆင့်ဆင့်ဖြင့် ရိုက်ခတ်နေကြသည်။
သစ်သားကြမ်းပြင်သည် မိုးရွာသကဲ့သို့ တစ်ဖျောက်ဖျောက်အသံထွက်နေသည်။
ဖြေဆိုသူတစ်ယောက်ကမျှ အပြင်ထွက်မကြည့်ရဲကြပေ။
ထက်မြက်သော အတန်းဖော်တီးလီသည် သူ့အတွက်သူ နေရာကောင်းတစ်နေရာ ရှာတွေ့သွားသည်။ ချင်ကျိုး၏ဘေး သစ်သားသေတ္တာတစ်လုံးအနောက်တွင် ဆောင့်ကြောင့်ထိုင်လျက် ရေခဲနှင့်ရေဒဏ်ကို အကာအကွယ်ရနေသည့်အလား ဟန်ဆောင်နေသည်။
သူက သစ်သားသေတ္တာအနောက်မှ အပြင်သို့မျှော်ကြည့်ကာ ချင်ကျိုးကို ကြည့်လိုက်၊ ကြိုးကို ကြည့်လိုက်၊ ထို့နောက် ယိုဟော့ကိုကြည့်လိုက် လုပ်နေရာမှ သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ "ချင်ကော ကြိုးတွေက ဘာရည်ရွယ်ချက်နဲ့လဲ။ ဒီတစ်ခေါက်တော့ ကျွန်တော်အမီမလိုက်နိုင်တော့ဘူး"
ယိုဟော့က ဆိုသည်: "အရူးတစ်ယောက်ရဲ့ ရည်ရွယ်ချက်"
ချင်ကျိုးသည် အသံတိတ်သဘောတူညီနေသကဲ့သို့ ရယ်လိုက်သည်။
ယိုဟော့သည် သူ့ကိုယ်သူ ကြိုးပြန်ဖြေရန် လှုပ်ရှားလိုက်သည်။ သူကြိုးဖြေပြီးနောက်တွင် ချင်ကျိုးကို ပြောလိုက်သည်: "မင်းဆေးတွေယူလာတယ်မလား။ မင်းမပြန်ခင် ဆေးသောက်သင့်တယ်"
တီးလီသည် နောက်ဆုံးတွင် သူ့မေးခွန်းသည် ဘယ်လောက်တုံးလိုက်သလဲဆိုတာကို သိသွားပြီး တိတ်တဆိတ် နောက်သို့ ပြန်ကျုံ့ဝင်သွား၏။
သူနောက်သို့ ပြန်ကျုံ့ဝင်သွားချိန်မှာပဲ ချင်ကျိုး၏ အေးအေးလူလူ ဖြေလိုက်သံကို ကြားလိုက်ရသည်: "ဆေးမကျန်တော့ဘူး၊ အကုန် သင်္ဘောသားတွေ သောက်လိုက်ပြီ"
တီးလီ: "........."
သောက်ချီး? အဲဒီလိုဖြေလို့ရလားဟ?
တီးလီသည် သူ့ခေါင်းကို ပြန်ပုဝင်လိုက်ကာ သူနေရာတွင်မရှိသလိုပဲ ဟန်ဆောင်နေရန် ဆုံးဖြတ်လိုက်သည်.......
***
ထိုညတွင် ဖြေဆိုသူများ နောင်တအရဆုံးအရာတစ်ခုမှ သူတို့ပြေးလာသည့်အချိန်က မီးတုတ်များပျောက်သွားခြင်း ဖြစ်သည်။
ထိုဖြူဖျော့ဖျော့မျက်နှာများသည် အင်မတန်မှ ရန်လိုနေကြသော်လည်း ဧရာမရေဘဝဲကြီးများသည်လည်း လွယ်လွယ်ကိုင်တွယ်၍ရသော အရာများမဟုတ်ကြပေ။
နှစ်ဘက်ပါတီသည် တစ်ယောက်ကိုတစ်ယောက် အချိန်အတန်ကြာအောင် ရုန်းကန်တိုက်ခိုက်နေကြသည်။
ကမ်းခြေမှ ပင်လယ်ဆီသို့၊ ထို့နောက် ပင်လယ်မှ ကမ်းခြေဆီသို့၊ ထိုမှတဆင့် ပြောင်ရှင်း၍ ပျက်စီးယိုယွင်းနေသော သင်္ဘောပေါ်တွင် သွားလိုက်ပြန်လိုက် လုပ်နေသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ ထိုသို့ဝရုန်းသုန်းကားပွဲဖြစ်နေသော်လည်း အေးခဲပင်လယ်ကြီးတွင် အက်ကွဲမှုတစ်ခုတလေမျှပင် မရှိခြင်းဖြစ်သည်။
အချို့သော သတ္တိရှိသည့် ဖြေဆိုသူများသည် ခပ်မြန်မြန် ထွက်ကြည့်ကြကာ မနက်ဖြန်တွင်ပင်... အိုး မဟုတ်သေးဘူး.. အခု ဒီနေ့ပဲ။ ဒီနေ့ ရေခဲပျော်ပါ့မလားဟုပင် သံသယဝင်နေကြသည်။
ထိုကျန်ရှိသော အချိန်အတွင်းတွင် ဖြေဆိုသူများသည် အအေးတောထဲတွင် ခိုက်ခိုက်တုန်နေကြသည်။
အနှီဖြူဖျော့ဖျော့မျက်နှာများသည် ရေဘဝဲများလောက် လက်တံအများကြီးမရှိသည့်အတွက် အရေးနိမ့်နေကြသည်။ အနှီတိုက်ပွဲသည် တစ်ညလုံး ကြာမြင့်ခဲ့သည်။
အဝေးမှ မိုးကုပ်စက်ဝိုင်း မီးခိုးရောင်သန်းလာကာ ကောင်းကင် လင်းထင်းလာသည့်အချိန်မှသာလျှင် ထိုသေးငယ်သောဖြူဖျော့ဖျော့မျက်နှာများသည် တဖြည်းဖြည်းချင်း မနက်ခင်းမြူခိုးနှင့်အတူ လွင့်ပျံသွားလေသည်။
အားကုန်ခမ်းနေသော ရေဘဝဲများသည် ကျောက်တန်းတစ်လျှောက် ခြေပစ်လက်ပစ် လဲလျောင်းနေကြသည်မှာ အခြောက်ခံရန် စောင့်ဆိုင်းနေသော ပင်လယ်စာများအလား။
သူတို့လုံးဝ မလှုပ်ရှားတော့သည့်အချိန်တွင်မှ ဖြေဆိုသူများသည် လုပ်ငန်းစနိုင်ချေပြီ။
***
အသိဝင်တစ်ချက် မဝင်တစ်ချက်ဖြစ်နေသော ဧရာမရေဘဝဲကြီး သုံးကောင်သည် ရုတ်ခြည်း အသက်ရှူကျပ်လာကြသည်။
မျက်လုံးများဖွင့်လိုက်သောအခါ သူတို့မျက်နှာများထက် နာကျင်မှုကို ခံစားရသည်။
ယင်းမှာ အထူးသဖြင့် နာကျင်ရသည်။
တစ်ယောက်ယောက်က သားရေကွင်းတစ်ကွင်းကို ခပ်တင်းတင်း ဆွဲသွားပြီးနောက် လွှတ်လိုက်သည့်အခါ ပြန်ကန်လာသည့်အတိုင်းပင်။
မကြာခင် သူတို့သဘောပေါက်သွားသည်..... အမှန်တကယ်ပင် ထိုကဲ့သို့ဖြစ်နေလေသည်။
သူတို့ကို အမှန်တကယ်ကြီး ကြိုးဖြင့်တုပ်ကာ အနီးရှိကျောက်တန်းတွင် ချည်နှောင်ထားသည်။
သူတို့လက်တံများကို ခါယမ်းခြင်းကို ကာကွယ်ရန် လက်တံများသက်သက်သာ ချည်နှောင်ထားပါက သူတို့အတွက် ကိစ္စကြီးမဟုတ်ပေ။ လက်တံများကို ကိုယ်မှဖြုတ်ကာ ထွက်ပြေးနိုင်သေးသည်။
သို့ရာတွင် ရှေ့မှအတွေ့အကြုံများအရ သည်တစ်ကြိမ်တွင် ဖြေဆိုသူများသည် သူတို့မျက်နှာများကိုပါ ကြိုးတုပ်ထားကြသည်။
ခြေလက်များပျောက်ဆုံးသွားပါက ပြန်ထွက်လာနိုင်သေးသည်။ သို့သော် ခေါင်းပျောက်ဆုံးပါက ပြန်ပေါက်လာရန်မှာ မဖြစ်နိုင်ပေ။
နေရောင်အောက်တွင် မီးဖုတ်ခံထားရပြီး တဖြည်းဖြည်း ခြောက်ကပ်လာသည့်အခါ ဒေါသနှင့် စိတ်ပျက်ခြင်းများသည် နှလုံးသားထဲတွင် ပြည့်နှက်လာသည်။
ဤလူသူမရှိသည့်ကျွန်းပေါ်တွင် နေလာသည့်ကာလတစ်လျှောက် ဤမျှ ဂုဏ်သိက္ခာမဲ့ရခြင်းသည် သည်တစ်ခေါက် ပထမဆုံးအကြိမ်ဖြစ်သည်.........
သို့သော် ဤအဖြစ်က ဘာမှမဟုတ်သေး။ အချို့သောမိစ္ဆာဆန်သည့်ဖြေဆိုသူများသည် သူတို့ကို ဂုဏ်သိက္ခာပို၍ ကင်းမဲ့အောင် လုပ်နိုင်ကြသေးသည်———-
ကောင်းကင်ယံသည် နောက်ဆုံးတွင် လင်းထင်းလာပြီးနောက်တွင်တောင် ပင်လယ်မျက်နှာပြင်တွင် ဘာမှ မဖြစ်သေးပေ။
ရေဘဝဲများကို အပြင်ဘက်တွင် လေသလက်ခံထားလျက် ဖြေဆိုသူများသည် နောက်ဆုံးကုန်သင်္ဘောကို ပြုပြင်ရန် လုပ်ကြသည်။
သူတို့၏ စိတ်လောနေမှုကြောင့်ပေလားမသိ၊ အားလုံး၏ လုပ်နိုင်စွမ်းမှာ အလွန်မြင့်မားနေသည်။ နှစ်နာရီတောင်မပြည့်ခင်မှာပဲ အားလုံးသည် လုံးဝ ပြုပြင်ပြီးဖြစ်သွားသည်။
စောင့်ဆိုင်းရခြင်းသည် အမြဲတစေ အခက်ခဲဆုံးပင်ဖြစ်သည်။
သူတို့ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ စတင်၍ လုပ်စရာရှာဖွေတော့သည်။
နေသည် နေရာပြောင်းသွားချေပြီ။ ရေဘဝများအခြောက်ခံနေသော နေရာသည် ယခုအခါ တစ်ချို့တစ်ဝက် အရိပ်အောက်တွင် ဖြစ်နေလေသည်။ ဖြေဆိုသူအချို့ထံမှ သဘောတူညီမှုအရ ဖြေဆိုသူဆယ်ယောက်အုပ်စုသည် ရေဘဝဲများကို ရေခဲပြင်ထက်တွင် တရွတ်ဆွဲသွားလေသည်။
သူတို့၏ နူးညံ့သောမျက်နှာများသည် မညီညာသော ကျောက်တန်းတစ်လျှောက် ကမ်းခြေမရောက်မချင်း တစ်ချိန်လုံး ပွတ်ဆွဲခံနေရသည်။
ကုန်သင်္ဘောများ၏အရှေ့ပိုင်းသည် အလေးချိန်ကို ခံနိုင်ရည်အရှိဆုံးဖြစ်သည့်အတွက် ဖြေဆိုသူများသည် ရေဘဝဲများကို သင်္ဘောအပေါ်သို့ မ-တင်ကာ နေဘက်သို့ မျက်နှာမူထားသည့်ဘက်တွင် ချည်ထားရန် ဆုံးဖြတ်လိုက်ကြသည်။
နောက်ဆုံးကြိုးထုံးချည်ပြီးချိန်တွင် ကပ်ပတိန်ဘဲရန့်သည် ဂူအတွင်းမှ အပြင်ဘက်သို့ ထွက်ကြည့်နေသည်။
သူက လက်ဟန်ပြ၍ တစ်စုံတစ်ရာကို အော်ပြောနေသည်။
ဒုခေါင်းဆောင်သည်လည်း ထွက်ကြည့်လာသည်။ သူက ပိုကျယ်လောင်စွာ ဘာသာပြန်ပေးလိုက်သည်: "ခင်ဗျားတို့ ဘာတွေလုပ်နေကြတာလဲ——–"
ရေဘဝဲများ၏ ပုံပန်းမကျသော မျက်နှာများမှာ အလွန် ရွံစရာကောင်းလှသည်။ ယင်းမှာ မျက်စိပင်ကန်းသွားလောက်သည်။ ယိုဟော့သည် သူတို့ကို တစ်စက္ကန့်လောက် ပိုကြာကြာကြည့်မိလျှင် မျက်စိကန်းသွားမည့်အလား ထိုနေရာမှ အကြည့်လွှဲလိုက်သည်။
သူက ဂူသို့ ပထမဆုံးပြန်လာသူဖြစ်သည်။
ဒုခေါင်းဆောင်သည် သင်္ဘောကို ညွှန်ပြကာ ထပ်မေးလိုက်သည်: "ကပ်ပတိန်က မင်းတို့ သူ့သင်္ဘောနဲ့ ဘာတွေလုပ်နေတာလဲလို့ မေးနေတာ။ သင်္ဘောမှာ ဘာချည်လိုက်တာလဲ"
"စားစရာလှောင်ထားတာ၊ ခင်ဗျားတို့အတွက် ပြင်ဆင်ပေးထားတာ"
ကပ်ပတိန်သည် ချက်ချင်းဆိုသလို ပျော်ရွှင်သွားသည်။ သူက နေရောင်ကို ကာလိုက်ပြီးနောက် လှမ်းကြည့်လိုက်သည်။ ထိုလက်တံများသည် မနေ့ညက သူတို့စားခဲ့သောအရာများဆိုတာကို သူသတိထားမိသွားသည်။
ဒုခေါင်းဆောင်: "ကပ်ပတိန်က မင်းတို့ကို ကျေးဇူးတင်ပါတယ်တဲ့။ အဲဒါက အရသာရှိတဲ့ပုံပဲ။ သူက အခုအရမ်းဗိုက်ဆာနေတာ"
သူပြောပြီးသည်နှင့် ဒုခေါင်းဆောင်၏ ဗိုက်သည်လည်း အသံအချို့ထွက်လာသည်။
သူက တိတ်တဆိတ် တောင့်တင်းသွားသည်။ သူ့ဘေးမှ ကပ်ပတိန်သည် သူ့ကျောကို ရိုက်ကာ ကျယ်လောင်စွာ ရယ်လိုက်သည်။
သင်္ဘောသားများအားလုံးသည် အင်မတန် ဗိုက်ဆာနေကြသော်လည်း ယခု သူတို့ ရွက်လွှင့်ခါနီးဖြစ်လေရာ စိတ်အေးလက်အေးဖြင့် အစာစားဖို့အတွက်မူ စိတ်လှုပ်ရှားလွန်နေကြသည်။
ရေဘဝဲများသည် သင်္ဘောနံဘေးတွင် ဂုဏ်သိက္ခာစိုးစင်းမျှပင် မရှိတော့ဘဲ တွဲလဲကျနေကြသည်။ သူတို့သည် ထိုနေရာတွင် နောက်ဆုံးစီရင်ချက်ကို စောင့်မျှော်နေကြသည်။
.........
နေသည် တဖြည်းဖြည်းချင်း နိမ့်ဆင်းနေသည်။ ယိုဟော့သည် ဂူဝင်ပေါက်တွင် မှီနေသည်။
တိုးဖွသော တဂျွတ်ဂျွတ်သံများ အနားတွင် ကြားလိုက်ရသည်။ သူစောင်းငဲ့ကြည့်လိုက်သောအခါ ချင်ကျိုးဖြစ်နေသည်။
"ဘာတွေကြည့်နေတာလဲ" ချင်ကျိုးသည် လက်တစ်ဖက်ကို ဂူဝင်ပေါက်တွင် ထောက်ကာ အပြင်ဘက်သို့ မျှော်ကြည့်လိုက်သည်။
ယိုဟော့က မေးဖြင့် ညွှန်ပြလိုက်သည်: "ရေခဲဘယ်တော့ပျော်မလဲဆိုတာ စောင့်ကြည့်နေတာ"
"အလျင်လိုနေတာလား"
"ငါ့အတွက်အရေးမကြီးပါဘူး" ယိုဟော့ကဆိုသည်: "နာရီနည်းနည်း စောဖြစ်တာပဲဖြစ်ဖြစ်၊ နောက်ကျမှဖြစ်တာပဲဖြစ်ဖြစ် ဘာမှမထူးခြားဘူး"
"နည်းနည်းတော့ ထူးခြားသေးတာပဲ" ချင်ကျိုးသည်လည်း အပြင်ဘက်နံရံကို မှီလိုက်လေသည်: "တကယ်လို့ ညရောက်မှ အရည်ပျော်ရင် အဲဒီလူမျက်နှာတွေကို ဆွဲဆောင်မိနိုင်တယ်။ အဲဒီအချိန်ကျရင် ထပ်ပြီးဗရုတ်ကျဦးမှာပဲ"
သူ့စကားလုံးများသည် အမှန်ဖြစ်လာသည်။
ရေခဲနေသောမျက်နှာပြင်သည် အဘွားအိုတစ်ဦး၏ ပါးစပ်ကဲ့သို့ပင်။ ယင်းသည် ခေါင်းမာစွာပင် အက်ကွဲကြောင်းတစ်ခုကိုမှ အလွတ်မပေးပေ။
သူတို့သည် ကောင်းကင် မှောင်မည်းလာသည်အထိ စောင့်နေရာမှ ညယံရောက်သည်အထိ စောင့်ဆိုင်းနေဆဲပင်။ အဆုံးတွင် ဉာဉ့်နက်သွားသည့်အချိန်ရောက်သောအခါမှ တိတ်ဆိတ်မှုကြားတွင် အသံတိုးတိုးကို ကြားလိုက်ရသည်။
"အရည်ပျော်နေပြီ!" အသက်ကြီးကြီးသင်္ဘောသားအချို့သည် ထခုန်လိုက်ကြသည်။
ခဏနေသော် သင်္ဘောသားများအားလုံး ဂူအပြင်ဘက်သို့ ပြေးထွက်လိုက်ကြသည်။
ယင်းမှာ ရေခဲကွဲအက်သံတိုးတိုး ဖြစ်သည်။
ပထမအသံမှာ တိုးဖွသည်။ ဒုတိယအသံသည်လည်း တိုးဖွသည်။ သို့ရာတွင် ရေခဲများ တစ်ချိန်တည်းတွင် ကွဲအက်လာသောအခါ အသံသည် အလွန် ချောက်ချားဖွယ်ကောင်းနေသည်။
ဖြေဆိုသူများသည် လက်နက်များနှင့် မီးတုတ်များကို သယ်၍ အမြန်ထွက်လိုက်သည်တွင် ချက်ချင်းဆိုသလို နားပင်းမတတ်အသံများနှင့် မိတ်ဆက်သွားသည်။
မည်သူမျှ သူတို့အောက်ကို ငုံ့မကြည့်ရဲသော်လည်း ထိုမျက်နှာများသည် သူတို့ဆီသို့ လာနေသည်ကို ကောင်းကောင်း သိနေသည်။
ခဏနေလျှင် ရေခဲကိုထိုးခွဲ၍ ဆူနာမီကဲ့သို့ ပြေးဝင်လာကာ လူတိုင်းကို ဖြူဖျော့ဖျော့မျက်နှာများဖြင့် လေဝဲသဖွယ် လွှမ်းခြုံသွားနိုင်လောက်သည်။
သူတို့သည် ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ဖူးသော်လည်း ရေဘဝဲသုံးကောင် ကြုံနေသည်ကို မြင်တွေ့ဖူးသည်။
အခုအခါ သူတို့ကို မျက်လုံးအဝတ်ဖြင့်အုပ်ကာ သင်္ဘောတွင် ချည်ခံထားရသည်။ သူတို့သည် မမြင်နိုင်သော်လည်း မသိစိတ်အရ လက်တံများကို လွန့်လူးလျက် ဒုတိယအကြိမ် အရိုက်ခံရမည့်ဘေးမှ ကြိုးစားကာကွယ်နေကြသည်။
အကယ်၍ ထိုဧရာမရေဘဝဲကြီးများပင် ထိုမျှ ကြောက်ရွံ့နေပါလျှင် သေးငယ်သောလူသားများအဖို့ ထိုမျက်နှာများကို ကြောက်ရွံ့သည်မှာ အံ့ဩစရာမရှိပေ.....
သို့သော် သူတို့ ကုန်သင်္ဘောများ ရွက်လွှင့်ရန် ကူညီရမည်ဖြစ်သောကြောင့်သာ ဖြေဆိုသူများသည် သင်္ဘောပေါ်တွင် ဆက်နေနေရသည်။
သင်္ဘောသားတစ်ယောက်သည် ကြိုးလှေကားကို အောက်ပစ်ချလိုက်သည်။ တစ်ယောက်ပြီးတစ်ယောက် သင်္ဘောထက်သို့ တွယ်တက်လာကြသည်။ သူတို့ကုန်းပတ်ပေါ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် အဖြူရောင်လေထုကြီး ရောက်လာသည်။
ဟစ်ကြွေးသံများ တစ်သံပြီးတစ်သံ ထွက်လာသည်။ ယင်းမှာ အရပ်မျက်နှာပေါင်းစုံမှ လာနေသည့်အလားပင်။ မျက်နှာများသည် အရူးအမူးပင် သူတို့လည်ပင်များကို ဆန့်ထုတ်ကာ ပစ်မှတ်ကို ရှာနေကြသည်။
ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုမျိုး လုပ်နေသော်လည်း သူတို့အမူအရာများမှာမူ မပြောင်းလဲပေ။ သူတို့အပြုအမူနှင့် မျက်နှာအမူအရာ ပြောင်းပြန်ဖြစ်နေခြင်းကပင် သာ၍ ချောက်ချားစေသည်။
"ချီးးးးပဲ! မြန်မြန်လုပ်ပါဟ အားလုံးအဆင်သင့်ဖြစ်နေပြီလို့ ပြောတယ်မလား၊ ငါတို့ ဘာဖြစ်လို့ မထွက်သေးတာလဲ!"
"မြန်မြန် သွားပါ!"
"ရွက်ဖွင့်လိုက်တော့! ရွက်ဖွင့်လိုက်တော့——-"
ဖြူဖျော့ဖျော့မျက်နှာများဖြင့် ဖွဲ့စည်းထားသော လေထုနံရံကြီးသည် ရုတ်ခြည်း သင်္ဘောနားသို့ ချဉ်းကပ်လာသည်။
"မြန်မြန်! မြန်မြန်လုပ်ပါ ကပ်ပတိန်! ကျွန်တောတို့ အခုမသွားရင် သေတော့မယ်"
သင်္ဘောပေါ်မှ အော်ဟစ်သံများနှင့် လေထဲမှ ကြုံးဝါးသံများသည် ရောပြွမ်းနေတော့သည်။
သူတို့အော်နေရင်းမှ ပဲ့ကိုင်များသည် ပဲ့ဘီးကို အပြည့်အဝ လှည့်လိုက်သည်။ ပြုပြင်ထားသော ရွက်များသည် ချက်ချင်း လေထုထဲတွင် ဖြန့်ကျက်နေရာယူလိုက်သည်။
ထိုဖြူဖျော့ဖျော့မျက်နှာများ ကမ်းစပ်သို့ ရောက်သည်နှင့် ကုန်သင်္ဘောသည် အနိုင်နိုင် ထွက်ခွာနေစ ဖြစ်သည်။
ထိုတောင့်တင်းတင်းမျက်နှာများတွင် စိတ်ပျက်မှုအရိပ်အယောက်မှာ ထင်ရှားနေသည်။
ဒါကောင်းတယ်။ သူတို့စိတ်ထဲတွင် မတင်မကျဖြစ်နေသေးသော်လည်း... နောက်ဆုံးတွင်တော့ ပြီးဆုံးသွားချေပြီ။
ကပ်ပတိန်သည် ထိုသို့ထင်ခဲ့သည်။
သူက လက်ထဲတွင် သံချေးတက်နေသော အိပ်ဆောင်နာရီတစ်လုံးကို ကိုင်ထားသည်။ သူက ထပ်ခါထပ်ခါ အဖုံးကို ဖွင့်လိုက် ပိတ်လိုက်လုပ်နေသည်။ သူလုပ်ရပ်နှင့်အတူ တိုးညင်းသော ကလစ်သံများ ထွက်နေသည်။
ယိုဟော့သည် အိပ်ဆောင်နာရီပေါ်မှ သေးငယ်သောလူပုံကို မျက်စိထောင့်မှ စောင်းငဲ့ကြည့်လိုက်သည်။
သူ၏ အလိုလိုသိစိတ်ကြောင့်ပေလားမသိ၊ သူ့မျက်ခွံမှာ ရုတ်ခြည်း စတင်၍ တဆတ်ဆတ်လှုပ်လာသည်။
တစ်ချိန်တည်းမှာပဲ သူ့နံဘေးမှ ချင်ကျိုးသည် ရေရွတ်လိုက်သည်: "မကောင်းတော့ဘူး"
သူထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် အခုလေးတင် ကမ်းစပ်မှ ထွက်ခွာလာသော သင်္ဘောသုံးစီးသည် ရုတ်တရက် ပြန်လှည့်သွားသည်။ ၁၈၀ ဒီဂရီ အပြည့်ပြန်လှည့်သွားပြီးနောက် ယင်းသည် နဂိုမူလနေရာသို့ ပြန်ထွက်ခွာသွားသည်။
မကြာခင်မှာပဲ သင်္ဘောပေါ်ရှိတေးဂီတဘူးလေးသည် ရုတ်တရက် စကားထပြောလာသည်:
(အိမ်ပြန်ရန်သတ်မှတ်ချက်များ အလုံးစုံ မပြည့်စုံတာကို စစ်ဆေးတွေ့ရှိပါတယ်)
ဖြေဆိုသူများ: "?"
(ကုန်သင်္ဘောများအားလုံး ကမ်းစပ်သို့ ပြန်သွားပါပြီ။ ဒီအရည်ပျော်ကာလဟာ ၅ စက္ကန့်အတွင်း ပြီးဆုံးပါတော့မယ်)
ဖြေဆိုသူများ: "???"
(အချိန်နောက်ပြန်စတင်ရေတွက်ပါမယ်: ၅ ၄ ၃ ၂ ၁)
(ဒီအရည်ပျော်ကာလပြီးသွားပြီး မကြာခင်အချိန်ကာလအတွင်း နောက်တစ်ခေါက် အခွင့်အရေးထပ်လာမှာမဟုတ်ပါဘူး)
(ဖြေဆိုသူများ မကြာခင် ကုန်သည်များကို အိမ်ပြန်ပို့နိုင်ပြီး ရလဒ်ကောင်းရပါစေလို့ မျှော်လင့်ပါတယ်)
အခြေအနေသည် ရုတ်ခြည်း ပြောင်းလဲသွားသည်။
ဖြေဆိုသူများ သည်ကြေညာချက်ကို ကောင်းကောင်းနားမလည်သေးခင်မှာပဲ ပင်လယ်သည် နောက်တစ်ကြိမ် ရေခဲသွားပြန်သည်။
သူတို့ကို ဘာတွေဖြစ်နေလဲဆိုတာ သုံးသပ်ချိန်တောင်မှ မပေးခဲ့ပေ။
နောက်ပြီး သူတို့ကို ရလဒ်ကောင်းရအောင်လုပ်ခိုင်းနေတယ်..........
လူယုတ်မာ
.................xxx..................
Translated by Akira ❣️
Akira has something to say:
အိမ်ပြန်ဖို့ သတ်မှတ်ချက်တွေ မှတ်မိကြသေးလား။ သူတို့ဘယ်အချက်များ လိုသွားတာဖြစ်နိုင်လဲ။ နောက်တစ်ပိုင်းမရောက်ခင် ထင်ကြေးပေးကြည့်ကြပါလား XD XD