အခန်း ၁၆: ကဝေမုဆိုးမ
စာမေးပွဲအချက်အလက်ကို ကြေညာပြီးနောက် ရေဒီယိုသံသည် နောက်တဖန် တိတ်ဆိတ်သွားပြန်သည်။ ကားသည်လည်း တိတ်ဆိတ်ငြိမ်သက်နေသည်။ ဘာ တန်ဖိုးကြီးတဲ့ စိတ်ငြိမ်ဆေးလဲ။ 'ဂျစ်ပစီ' ဆိုသည့်အရာနှင့်အတူ အားလုံးက အငွေ့အဖြစ် လွင့်မျောပျောက်ကွယ်သွားတော့သည်။
အားလုံးက ခေတ္တခဏ ငေးငိုင်နေကြပြီးနောက် အသက်မဲ့စွာ ၎င်းတို့ထိုင်ခုံနေရာတွင် ပုံလျက်သားလဲကျသွားကြသည်။
အလုံပိတ်ကားငယ်လေးမှာ ချက်ချင်းဆိုသလို အသက်ငင်နေသော လူအချို့ကို သယ်ဆောင်လာသည့် နိဗ္ဗာန်ယာဉ်တစ်စီးအလား ပြောင်းလဲသွားလေသည်။
ယိုဟော့ခမျာ အိပ်နေရာမှ အနှိုးခံလိုက်ရသည်ကပင် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်နေရသည့်အပြင် ထိုကဲ့သို့သော သတင်းဆိုးဖြင့် နိုးထလာခဲ့ရပြန်သည်။ မတ်မတ်ထိုင်မည်ပြုခိုက်တွင် တစ်ယောက်သောသူ လှမ်းလျှောက်လာသည်ကို မျက်ခွံများအကြားမှ မြင်နေရသည်။
သူက ချက်ချင်း မျက်လုံးများကိုပိတ်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်ပုံဖမ်းလိုက်သည်။
အလုံပိတ်ကားငယ်သည် တိမ်များကိုဖြတ်၍ မောင်းနှင်နေသည့်နှယ်ပင်။ လှုပ်ခါခြင်း အလျဉ်းမရှိပါချေ။
ခြေသံများမှာ သူ့နံဘေးတွင် ရပ်တန့်သွား၏။ ယိုဟော့ မှီထားသော ခေါင်းမှီမှာ အောက်သို့နစ်ဝင်သွားပြီးနောက် တစ်စုံတစ်ယောက်က သူ့နားကြပ်ကြိုးကို အကြိမ်ရေအနည်းငယ် ဆောင့်ဆွဲလိုက်သည်။
".........."
ယိုဟော့ကမူ မည်သို့သော အမူအရာကိုမျှ မပြဘဲ အိပ်ပျော်ဟန်ဆောင်နေသည်။
နားကြပ်ကြိုးမှာ နောက်တစ်ဖန် အကြိမ်အနည်းငယ် ဆောင့်ဆွဲခြင်း ခံလိုက်ရပြန်သည်။ ထိုအပြုအမူကြောင့် သူ့နားသန်သီးနှင့် နားကပ်ကို လှုပ်ရှားသွားစေသည်။
"..........."
ယိုဟော့က ဆက်လက် သေချင်ယောင်ဆောင်နေလိုက်သည်။
"ဒီမှာ ဘာလိုင်းမှ မမိဘူး၊ နားကြပ်တပ်ထားတော့ ဘာထူးမှာလဲ၊ ဟန်ဆောင်မနေနဲ့တော့" စကားလုံးများကို လေးတိလေးကန် ဆွဲ၍ပြောတတ်သည့် ရင်းနှီးနေသောအသံကို ကြားလိုက်ရသည်။
"..............."
ယိုဟော့သည် ဆက်ဟန်ဆောင်၍ မရတော့ပါချေ။
သူက မျက်လုံးများကို တစ်ဝက်တစ်ပျက်ဖွင့်လိုက်ပြီး နားကြပ်ကြိုးကို ကိုင်ထားသောလက်ကို မျက်လုံးထောင့်မှတဆင့် ဖျတ်ခနဲကြည့်လိုက်သည်: "ဘာကိစ္စရှိလို့လဲ"
ထိုသို့မေးပြီး နောက်ဆုံးတွင် မျက်လုံးများကိုဖွင့်လိုက်ကာ သူ့ရှေ့တွင် ရပ်နေသောသူကို ကြည့်လိုက်သည်။
သူ့မျက်နှာအမူအရာမှအစ လေသံအဆုံး "ပြောစရာရှိတာမြန်မြန်ပြော မဟုတ်ရင် လစ်တော့" ဟူသော သဘောထားကို လုံးဝ ဖော်ပြနေလေသည်။
ချင်ကျိုးက သူ့လက်ကို နားကြပ်ကြိုးမှ ပြန်ရုတ်လိုက်ပြီး ယိုဟော့အရှေ့မှ ထိုင်ခုံအနောက်ကို မှီလိုက်သည်။
သူက ယိုဟော့ဘေးမှ ထိုင်ခုံကို မေးဆတ်ပြလိုက်ပြီး အပြုံးမမည်သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်:
"အဲဒါမင်းအိတ်လား၊ အဲဒါကိုရွှေ့ပေးဖို့ မင်းကို ဒုက္ခပေးရတော့မှာပဲ"
"သူက မရွှေ့ချင်ဘူးတဲ့"
ယိုဟော့က မျက်နှာသေဖြင့် ပြန်ဖြေလိုက်၍ နားကြပ်ကိုပြန်ထိုးထည့်လိုက်ကာ မျက်လုံးများပြန်မှိတ်လိုက်သည်။
နှစ်စက္ကန့်မျှပင် မကြာသေးခင် ထိုစိတ်ရှုပ်စရာကောင်းသောလက်မှာ ထပ်မံရောက်လာပြန်သည်။ ထိုလက်သည် သူ့နားကြပ်ကို တိုက်ရိုက်ဆွဲထုတ်လိုက်သည်။
အနှီလက်ချောင်းများ ယိုဟော့၏နားသန်သီးကို ပွတ်တိုက်သွားသည့်အခိုက် ယားကျိကျိခံစားချက်ကို ရလိုက်သည်။
ယိုဟော့က သူ့နားကပ်ကို ဖျစ်ညှစ်ရန် လက်မြှောက်လိုက်ပြီး မျက်မှောင်ကြုတ်လျက် မျက်လုံးဖွင့်ကြည့်လိုက်သည်: "ဘာကိစ္စရှိလို့လဲ"
"သူက အမှန်တကယ် မရွှေ့ချင်ဘူးဆိုရင်လည်း ငါ့ဘာသာပဲ ရွှေ့ပေးရတော့မှာပဲ" ချင်ကျိုးက ပြုံးကာ အနက်ရောင်အိတ်ကို မ လိုက်သည်။ သူက အမှတ်မထင် အိတ်အလေးချိန်ကို ချိန်ဆကြည့်လိုက်ပြီးနောက် ယိုဟော့အပေါ်က စင်ပေါ်သို့ တင်လိုက်သည်။
ယိုဟော့က သူ့ကိုစိုက်ကြည့်လိုက်သည်: "တခြားခုံအလွတ်ကို ပြောင်းထိုင်လို့မရဘူးလား"
ချင်ကျိုး: "အားနာပေမယ့် မရဘူး၊ ကားထဲမှာ ထိုင်ခုံအားလုံးပေါင်း ကိုးခုံရှိတယ်၊ မင်းတို့အဖွဲ့က ခုနစ်ခုံယူထားပြီးပြီ၊ ငါဒီမှာမထိုင်ရင်၊ ကားမောင်းသမားနဲ့ ကပ်သပ်ထိုင်ရလိမ့်မယ်၊ မင်းတော့မသိပေမယ့် အခြားသူတွေကတော့ ငါအဲဒီလိုလုပ်တာကို ကြိုက်ကြမှာမဟုတ်ဘူး"
ယိုဟော့: "..........."
ယိုဟော့ တက်လာစဉ်က ခုံအရေအတွက်ကို သတိမထားမိချေ။ ထိုင်ခုံအရေအတွက် အလွန်နည်းမည်ဟု မမျှော်လင့်ထားပါချေ။
ချင်ကျိုးက သူ့ဘေးတွင် ထိုင်ချလာသည်။
သည်လူက ကုတ်အကျႌဝတ်ထား၍ အရပ်ရှည်၍ ပိန်ပါးပုံရသော်လည်း သူနီးကပ်လာသောအခါ သူ့ပုံသဏ္ဌာန်မှာ အရပ်ရှည်ရှည် ခပ်ဖြောင့်ဖြောင့်ဖြစ်မည်ဟု ပြောနိုင်သည်။ အဝတ်အစားများမှတဆင့် သူ့တောင့်တင်းခိုင်မာသော လက်မောင်းများနှင့် နွေးထွေးသောခန္ဓာကိုယ်အငွေ့အသက်ကို ခံစားရသည်။
ကံအားလျော်စွာ ကားထဲတွင် ထိုင်ခုံသိပ်မရှိသောကြောင့် အရှေ့ခုံနှင့် အနောက်ခုံတန်းများကြား အကွာအဝေးမှာ တော်တော်ခြားသည်။ သို့မဟုတ်လျှင် ထိုသူနှစ်ယောက်မှာ ခြေထောက်ထားစရာနေရာ ရှိမည်မဟုတ်ပေ။
ယိုဟော့က သူ့ခြေတံများကို ဆန့်ထုတ်ချင်သော်လည်း ထိုသို့လုပ်လိုက်ပါက အရှေ့ထိုင်ခုံကို ကန်မိမှာဖြစ်သည်။
ထိုသို့သောအခိုက်အတန့်၌ တစ်ဖက်လူအတွက် နေရာဖယ်ပေးသောသူက အရှုံးပေးရာကျမည်ဖြစ်သည်။ ယိုဟော့က ထိုသို့တွေးလိုက်ပြီး သူ့မှာဆုံးရှုံးစရာမရှိဟု ဆုံးဖြတ်လိုက်သည်။ သူ့ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး ချင်ကျိုး၏ဒူးကို ခပ်ပြင်းပြင်းတိုက်လိုက်သည်။
သူ့ကော်လာကို ဆွဲပင့်လိုက်ပြီး မျက်လုံးများမှိတ်ကာ ပြန်အိပ်ဖို့ပြင်လိုက်သည့်အချိန်မှာပဲ ချင်ကျိုး၏ ခပ်တိုးတိုးရေရွတ်သံကို ကြားလိုက်သည်: "ဂျစ်ပစီ၊ အံ့ဩစရာပဲ"
ယိုဟော့က မျက်လုံးများဖွင့်လိုက်သည်: "ဒါမင်းရွေးလိုက်တဲ့ ဘာသာရပ်မဟုတ်ဘူးလား"
ချင်ကျိုးက သူ့ကိုငဲ့ကြည့်လိုက်သည်။ သူက လက်ချောင်းများကို ပျင်းရိစွာဖြင့် အနည်းငယ်ဆိုသည့်ပုံစံ ဟ လိုက်ပြီး "မင်းက အဲဒီလိုပြောတော့ ငါနည်းနည်းလေးတော့ ခံပြင်းမိတယ်"
မင်းဖင်ကြီးကိုပဲ ခံပြင်းနေလိုက်။
ယိုဟော့က သူ့ကို အေးစက်စက် စိုက်ကြည့်နေသည်။
"မင်းရွေးထားတဲ့ အဲဒီလူကို ကြည့်လိုက်" ချင်ကျိုးက မိုက် ထိုင်နေသောနေရာကို ညွှန်ပြလိုက်ပြီး "ငါသိသလောက်ဆိုရင် အဲဒီဖြေဆိုသူရဲ့ နောက်ခံက အရမ်းစုံလင်တယ်။ သူက အမေရိက၊ ပြင်သစ်၊ ရုရှနဲ့ စပိန် သွေးလေးမျိုး နှောနေတဲ့သူ၊ အဲဒါနဲ့ အဲဒီလိုရုပ်ထွက်လာတာပဲ"
ယိုဟော့: ".........."
"ဆောရီးပဲ ငါပြောတာနည်းနည်းပြင်းသွားတယ်" ချင်ကျိုး၏ရုပ်မှာ လုံးဝ အားနာဟန် မပေါက်ပါချေ။
ယိုဟော့: "မင်းမှာ ဖြေဆိုသူတိုင်းရဲ့ အချက်အလက်တွေရှိတယ်လား"
"မှန်းကြည့်လေ" ချင်ကျိုး၏အသံမှာ ခပ်တိမ်တိမ်ဖြစ်သည်။ သူ့လေသံကို ဆွဲ၍ပြောလျှင်ပင် နားထောင်လို့ကောင်းသည်။
ယိုဟော့က အေးစက်စက်နှင့် သရော်လိုက်သည်။
လူတွေကို ဤအသုံးမကျသောနေရာသို့ပင် ခေါ်ဆောင်လာနိုင်သေးသည်ဖြစ်ရာ စာမေးပွဲစနစ်၏လက်ထဲတွင် သူတို့အားလုံး၏ အချက်အလက်များရှိလိမ့်မည်ဟု သူယုံသည်။ ထိုသို့ဆိုလျှင် စာမေးပွဲခန်းစောင့်များက မည်မျှအတိုင်းအတာထိ သိကြသနည်း။ ယိုဟော့သည် ရှေ့က သူတို့အပြုအမူများကို ပြန်စဉ်းစားကြည့်လိုက်ပြီး သိပ်သိကြမည်မဟုတ်ဟု ခံစားလိုက်ရသည်။
စာမေးပွဲခန်းစောင့်များသည်လည်း စည်းမျဉ်းစည်းကမ်းများဖြင့် ချုပ်နှောင်ခံထားရသည်။ ဖြစ်နိုင်သည်က... တစ်ယောက်သော ဖြေဆိုသူနှင့် ပတ်သက်၍ တစ်စုံတစ်ရာသိလိုပါက ရယူသည့်လုပ်ငန်းစဉ် တစ်နည်းနည်းကို ဖြတ်ကျော်ရပေလိမ့်မည်။ ထို့အပြင် ယင်းလုပ်ငန်းစဉ်သည်လည်း မလွယ်ကူနိုင်ပါချေ။ သို့မဟုတ်လျှင် 001၊ 154 နှင့် 922 တို့ ပထမဆုံး စစ်ဆေးမည့်သူမှာ သူဖြစ်ပေလိမ့်မည်။
ချင်ကျိုးက သူ့ခေါင်းကိုလက်ဖြင့်ထောက်လိုက်ပြီး နက်မှောင်နေသော မျက်လုံးများဖြင့် သူ့ကို တဒင်္ဂခန့် စိုက်ကြည့်လိုက်သည်: "မစိုးရိမ်ပါနဲ့၊ ပုံမှန်အားဖြင့် ငါက ဖြေဆိုသူရဲ့ အချက်အလက်တွေကို စိတ်မဝင်စားပါဘူး"
ယိုဟော့က အလွန်တရာ ဝတ်ကျေတမ်းကျေ 'ေဩာ်'ဟု အသံပြုလိုက်သည်။
"တိုတိုပြောရရင် အဖွဲ့ထဲမှာ ဒီလို ရတနာမျိုးကို ရထားတော့ မင်းတို့ကို ဒီသောက်ရေးမပါတဲ့နေရာကို အပို့ခံရတာ အံ့ဩစရာတော့လည်းမဟုတ်ပါဘူး" ချင်ကျိုးက ဆိုသည်။
ယိုဟော့သည် သည်စာမေးပွဲစနစ်ဆိုသော အရာ၏နောက်ကွယ်တွင် တိတိကျကျ မည်သည်ရှိသည်ကို မသိသော်လည်း ထိုအရာသည် ထူးဆန်းသောစိတ်ထားရှိသည်ဟု ခံစားမိသည်။ သည်အုပ်စုမှလူများ သူတို့၏ "မိခင်ဘာသာစကား" ကို ဖြေဆိုမိမည့်အရေးကို ရှောင်ရန် ကွေ့ပတ်သွားရာမှ နောက်ဆုံးတွင် "ဂျစ်ပစီ" ဟူသော အရာကို ဆွဲထုတ်လာသည်။
သူက ယင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို သိရှိထားပြီးနောက် ချင်ကျိုးကို အပြစ်မဖို့တော့ပါချေ။
ထို့အပြင် သူ စိတ်ထင်ရုံသက်သက်မျှသည်လား မသိသော်လည်း သူတို့ကားပေါ်တက်သည့် အချိန်မှစ၍ ချင်ကျိုးသည် အနည်းငယ် စိတ်မပျော်ရွှင်ဟန်ပေါက်နေသည်။
ယိုဟော့က အတွေးလွန်နေသော စာမေးပွဲခန်းစောင့်ကို မျက်လုံးများစင်း၍ ကြည့်လိုက်သည်။
အပြင်ဘက်မှ ဆီးနှင်းများ၏ ရောင်ပြန်မှာ အလွန်တောက်ပလွန်းသောကြောင့်ပင်လော မသိပါချေ။ သူ့မျက်လုံးများမှာ ထပ်မံ စတင်နာလာတော့သည်။ အနည်းငယ်လည်း သက်သောင့်သက်သာ မရှိဖြစ်နေသည်။
သူက မျက်လုံးများကို အကြိမ်အနည်းငယ်ခန့် ပွတ်လိုက်ပြီး နားကြပ်များပြန်တပ်၍ ပြန်အိပ်သွားလေသည်။
...........
·
ဆယ်မိနစ်ခန့်ကြာသောအခါ ကားမှာ ရုတ်ခြည်း လှုပ်ယမ်းသွားသည်။
စိတ်သောကရောက်နေသော ဖြေဆိုသူများမှာ တပ်လှန့်လိုက်သည့်အလား ခံစားလိုက်ရပြီး အပြင်ဘက်မြင်ကွင်းမှာ ပြောင်းလဲသွားသည်ကို တွေ့ရသည်။ မြူခိုးများ၊ ဆီးနှင်းများဖြင့် ဖုံးအုပ်နေသော မိုးကောင်းကင်ယံမှာ ပျောက်ကွယ်သွားကာ သူတို့မျက်စိရှေ့တွင် ကောက်ကွေ့နေသည့် တောက်တက်လမ်းတစ်ခု ပေါ်လာလေသည်။
လမ်း၏အခြေအနေမှာ သိပ်မကောင်းချေ။ သို့ကြောင့်ပင် ကားမှာ ခရီးနှင်နေသည့်တစ်လျှောက် မရပ်မနားလှုပ်ခါနေတော့သည်။ နေရာတိုင်းတွင်လည်း ရွှံ့နွံနှင့် ကျောက်စရစ်ခဲများ ပြည့်နေသည်။ ဤလမ်းမှာ အလွန်ကျဉ်းမြောင်းလှသည်။ အကယ်၍ ကားနှစ်စီးသာ အစွန်းတစ်ဖက်ဆီ၌ မျက်နှာချင်းဆိုင်မိကြပါလျှင် ပထမဂီယာသို့ပြောင်းကာ တစ်လက်မချင်း ဖြည်းညှင်းစွာ ကျော်သွားရမည်ဖြစ်သည်။ တောင်တက်လမ်းနံဘေးရှိ သဘာဝပေါက်ပင်များမှာလည်း အလွန်အုပ်ဆိုင်းလျက်ရှိရာ အောက်သို့မည်မျှနက်သည်ကိုပင် ခန့်မှန်းရခက်ပေသည်။ ပြုတ်ကျသွားသည်နှင့် ခန္ဓာကိုယ်မှာ ထာဝရစုံးစုံးမြုပ်သွားမည့်ဟန်ရှိသည်။
ဤသို့ဖြင့် အလုံပိတ်ကားလေးမှာ လမ်းတစ်လျှောက် စိန်ခေါ်လျှက် မောင်းနှင်သွားတော့သည်။
လမ်းတစ်ဝက်ခန့်ရောက်သည့်အခါ ကားသမားသည် ရေဒီယိုခလုတ်ဝိုင်းကို လှည့်လိုက်သည်။ ကားအတွင်းရှိရေဒီယိုသည် အကြိမ်အနည်းငယ်ခန့် ဂျစ်ဂျစ်သံပေး၍ တစ်ခုသော ကြိမ်နှုန်းသို့ ကျော်သွားပြီး သီချင်းဟောင်းများ စတင်ဖွင့်တော့သည်။ ရံဖန်ရံခါဆိုသလို မကြာသေးမီက မြေပြိုမှုကြောင့် ပိတ်နေသည့် လမ်းအချို့ကို ရှောင်ရှားပါရန် ကားသမားများအား သတိပေးလေ့ရှိသော ယာဉ်လမ်းကြောင်း သတိပေးချက်များက ကြားဖြတ်ဝင်လာတတ်သည်။
အသံလွှင့်နေသည့်အတောအတွင်း ကားရှေ့တွင် အန္တရာယ်အချက်ပြချက် ပေါ်လာသည်။
အန္တရာယ်အချက်ပြချက်အရှေ့တွင် ကြီးမားသော ကျောက်တုံးတစ်တုံးနှင့် လဲကျနေသော သစ်ပင်တစ်ပင်ကို တွေ့ရသည်။ ပုံမှန်ကားသာဆိုလျှင် သေချာပေါက် ကျော်သွားရန်မှာ မဖြစ်နိုင်ပါချေ။
သို့ရာတွင် ကားသမားမှာ သတိပေးချက်ကို လုံးဝလျစ်လျူရှုလိုက်ပြီး ကားကို အဝိုက်ကြီးကြီး ထိုးကွေ့လိုက်သည်။ ကားအတွင်းမှလူအားလုံးမှာ လန့်ဖျပ်သွားကြသည်။ သူတို့ထိုင်ခုံများသို့ ပြန်ကျသွားသောအချိန်တွင်ကား ကားမှာ မြေပြိုထားသောနေရာကို ကျော်ဖြတ်လာပြီးဖြစ်ကာ တောင်တန်းများအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဆက်လက်မောင်းနှင်သွားတော့သည်။
·
တောင်၏ အတွင်းကျကျနေရာများသို့ ဝင်ရောက်လာသည့်အချိန်မှစ၍ ကောင်းကင်ယံမှာ မည်းမှောင်လာသည်။
ကားအတွင်းတွင် အပူပေးထားသည်မှာ အသေအချာပင်ဖြစ်သော်လည်း အားလုံးမှာ မသိစိတ်အရ ခိုက်ခိုက်တုန်နေကြသေးသည်။
တောင်တက်လမ်းမှ ထွက်ခွာလာသည့်နောက်တွင် လမ်းဘေး၌ လမ်းညွှန်ဆိုင်းဘုတ်အဟောင်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာတွင် လမ်းနံပါတ်ကို မှတ်သားထားသည်။
လောင်ယွီက သူ့ကိုယ်သူ အဝတ်များဖြင့် တင်းကျပ်စွာ ပတ်ထားလျက် ခေါင်းကိုအတွင်း၌ နှစ်မြုပ်ထားသည်။ ထိုနံပါတ်ကိုတွေ့သောအခါ ရေရွတ်လိုက်သည်: "ဒီလမ်းက နယ်စပ်နဲ့ နီးကပ်ပုံရတယ်..."
"ကျွန်တော်တို့ တကယ်ပဲ နယ်စပ်ကိုဖြတ်နေတာလား"
လောင်ယွီ: "ငါမသိဘူး"
ယွီဝမ်က သူ့လည်ပင်းကို ကျုံ့လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်သည်: "ကျွန်တော်တို့ နယ်စပ်ကို ဒီအတိုင်း ကြုံသလိုဖြတ်သွားလို့ မရဘူးလေ"
သူပြောနေစဉ်မှာပဲ အလုံပိတ်ကားငယ်မှာ အဝိုက်ကြီးကြီးကွေ့လိုက်ပြီး ဘေးဘက်ရှိ တောအုပ်ထဲသို့ ဝင်သွားလေသည်။ အားလုံးက ထူးဆန်းသော လမ်းကြောင်းကြောင့် စိတ်ရှုပ်ထွေးသွားကြသည်။ ကားမောင်းသမားကို မေးချင်သော်လည်း ထိုသူက အ နေသည်။
နောက်ထပ် ၁၀ မိနစ်ကြာခဲ့ပြီဖြစ်သည်။
ကားသည် တောအုပ်မှ ထွက်ခွာလာပြီးဖြစ်ရာ ရွာလမ်းကြမ်းဘေးတစ်နေရာတွင် ရုတ်တရက်ဘရိတ်အုပ်လိုက်သည်။
·
"အစ်ကို ထတော့၊ ကျွန်တော်တို့ဆင်းတော့မယ်" ယွီဝမ်က ထိုင်ခုံတွင် ဒူးတစ်ဖက်တင်လျက် ယိုဟော့ကို နှိုးရန် ထိုင်ခုံအနောက်ဘက်သို့ လက်လှမ်းလိုက်၏။
သူ့အစ်ကို၏ သတ္တိမှာ ဩချလောက်ပါသည်။ သူက အမှန်တကယ်ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်သေးသည်။
ယိုဟော့က သူ့ဆံပင်ကို သပ်တင်လိုက်ပြီး မျက်လုံးများမှာ တစ်ဝက်တစ်ပျက်ဖွင့်လာသည်။ သူ့နံဘေးကိုလည်း တစ်ဝက်တစ်ပျက်ပွင့်နေသော မျက်လုံးများဖြင့် ဝေ့ဝဲကြည့်လိုက်သည်။ ထိုင်ခုံမှာ လူမရှိတော့ပါချေ။
သူ့မျက်နှာအောက်ပိုင်းမှာ ကော်လာဖြင့် ဖုံးအုပ်နေလျက် ဗလုံးဗထွေးဖြင့် ပြောလာသည်: "သူဘယ်မှာလဲ"
"အမ်" ယွီဝမ်က မကြားလိုက်ချေ။
ယိုဟော့သည် သူ့ကိုယ်သူ နိုးနိုးကြားကြားဖြစ်စေရန် ခေါင်းကို ယမ်းခါလိုက်သည်။
မတ်တပ်ရပ်၍ သူ၏ ထုံထိုင်းနေသော ခြေထောက်ကို ဆောင့်နင်းလိုက်ပြီးနောက် ခါးကိုင်းကာ ပြတင်းအပြင်ကို ကြည့်လာသည်: "ဒါက ဘယ်နေရာလဲ"
သည်တစ်ခေါက်တွင် ယွီဝမ်က ကြားလိုက်သည် "မသိဘူး၊ ကားသမားက ကားကိုဒီမှာရပ်ပြီးတော့ ပြေးတော့တာပဲ"
"ပြေးတယ်ဆိုတာ ဘာကိုပြောတာလဲ"
ယွီဝမ်က ပြတင်းအပြင်ကို ညွှန်ပြလိုက်သည်: "အဲဒီမှာလေ၊ အဲဒီရွာလမ်းကြမ်းတစ်လျှောက် ဆင်းပြေးသွားတာပဲ"
သူတို့က ရွာတစ်ရွာ၏ဝင်ပေါက်တွင် ရပ်နေပုံရသည်။ သစ်ပင်များကိုဖြတ်၍ အဝေးမှ ခေါင်မိုးတချို့ကို ဝိုးတဝါးမြင်နိုင်ပေသည်။ ရွာသို့ဦးတည်နေသော လမ်းမှလွဲ၍ သူတို့အတွက် သွားစရာနေရာ မရှိပါချေ။
သူတို့ကို မျှော်မဆုံးသော သစ်ပင်များဖြင့် ပတ်ပတ်လည် ဝန်းရံထားသည်။
ယွီဝမ်က ယိုဟော့အနောက်မှ လိုက်လာပြီး ကားမှ ဆင်းလိုက်သည်။
ကားအပြင်ဘက်တွင် ဖြေဆိုသူများက တစ်ဦးကိုတစ်ဦး ကြောင်အအဖြင့် ကြည့်နေကြသည်။
တစ်ဖက်က စာမေးပွဲခန်းစောင့် ချင်ကျိုးမှာမူ တောအုပ်ဘေးတွင် ရပ်နေသည်။ လက်တစ်ဖက်က သစ်ပင်ကို ထောက်လျက် အဝေးတစ်နေရာသို့ မျှော်ကြည့်နေလေသည်။
"စောစောက လောင်ယွီကပြောတယ် ဒီလမ်းက နယ်စပ်နားမှာတဲ့၊ ကျွန်တော်တို့ အပြင်မှာတကယ်ရှိတဲ့ နေရာတစ်ခုကိုများ ရောက်နေတာလား" ယွီဝမ်က ယိုဟော့ကို မေးသည်။
အသစ်ရောက်လာသည့် ချန်ပင်းက ဖြတ်ပြောလိုက်သည် "ငါ့အတွေ့အကြုံအရဆိုရင် မဟုတ်လောက်ဘူး။ ဒါပေမယ့် နောက်ကျရင် လက်တွေ့ဘဝကအရာတွေနဲ့ ဆင်တဲ့အရာတွေ ဒါမှမဟုတ် တစ်ခါမှ မမြင်ဖူးတဲ့အရာတွေ တွေ့လာရနိုင်တယ်"
ယွီဝမ်: "တကယ်လို့ ကျွန်တော်တို့က လက်တွေ့ဘဝက နေရာမှာမဟုတ်ဘူဆိုရင် အဲဒီ'သေခြင်းတရား' ဆိုတဲ့ဟာကရော တကယ်ပဲ 'သေခြင်းတရား' လား"
ချန်ပင်းက ခါးသက်စွာ ပြုံးလိုက်သည်: "ငါမသိဘူး၊ စမ်းကြည့်ဖူးတဲ့လူတွေသာ သိလိမ့်မယ်၊ ဒါပေမဲ့ ဘယ်သူက အဲလိုအရာမျိုးကို စမ်းကြည့်ရဲမှာလဲ"
ယွီဝမ်က ခေါင်းငုံ့သွားပြီး ဆို၏: "အဲဒါ အမှန်ပဲ..."
ယိုဟော့က သည်အကြောင်းအရာနှင့်ပတ်သက်ပြီး အမှုမထားပါချေ။ ကားပေါ်ကဆင်းပြီးနောက် သူက နေရာကို လှည့်ပတ်ကြည့်လိုက်သည်။
မကြာခင် နေရာတစ်ခုကို ကန်လိုက်၍ ပြောသည် "ဒီမှာ ကျောက်တိုင်တစ်ခုရှိတယ်"
"ငါက အဲဒါကိုရှာနေတာ၊ ဖြစ်ချင်တော့ ဒီမှာရှိနေတာပဲ" ချန်ပင်းသည် အတွေ့အကြုံရှိသူဖြစ်သောကြောင့် ကားပေါ်မှဆင်းပြီးနောက် အချက်အလက်များ လိုက်ရှာနေခြင်းဖြစ်သည်။
သူက လျှောက်လာပြီး ကျောက်မှတ်တိုင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူက ပေါင်းပင်အချို့ကို ဆွဲနှုတ်လိုက်ပြီး: "ကြည့်ရတာ ဒီနေရာရဲ့နာမည်ကို ပြောထားတာဖြစ်ရမယ်၊ အရေးပါချင်မှလည်း ပါလိမ့်မယ်ဆိုပေမယ့် ငါတို့ဘယ်နားမှာဆိုတာကို သိထားတော့ နည်းနည်းစိတ်သက်သာရာရတာပေါ့..."
အားလုံးက ထိုစကားကိုကြား၍ ရွှေ့လာကြသည်။
သူတို့မြင်သမျှမှာ ထူးဆန်းသော အက္ခရာများ ထွင်းထားသော ယိုယွင်းနေသည့် ကျောက်တိုင်တစ်ခုသာဖြစ်သည်။
"အဲဒီပုံတွေက ဘာတွေလဲ"
"စာလုံးတွေဖြစ်နိုင်တယ်..."
ချန်ပင်းက သူ့အိတ်ထဲမှ တစ်ရှူးတစ်ရွက်ကို ထုတ်လိုက်ပြီး ရွှံ့များ ပေကျံနေသောနေရာများကို သုတ်ပစ်လိုက်သည်။ စာများမှာ အဓိပ္ပါယ်ဖော်ရန် ခက်ခဲနေဆဲပင်ဖြစ်သည်။
ယွီဝမ်: "K...ဒါက a လား"
ချန်ပင်း: "Lo...ဒါကသောက်ကျိုးနည်း ဘာကြီးလဲ"
"p ဖြစ်နိုင်တယ်" ယွီယောက်က သူ့ဗိုက်ကို ထောက်ကန်ထားကာ ခေါင်းစောင်းလိုက်ပြီး ဖတ်ကြည့်သည် "အဲဒီတစ်ခုက h...u...v နဲ့တူတယ်"
အမျိုးမျိုးသော အသုံးမဝင်သည့် အပိုင်းများကို ဘေးဖယ်လိုက်ပါက ထိုကျောက်တိုင်တွင် ထွင်းထုထားသည့် နေရာ၏ အမည်မှာ: Kalo Phuv
(T/N နေရာရဲ့အမည်က ဂျစ်ပစီဘာသာနဲ့ 'မဟူရာမြေကြီး' လို့အဓိပ္ပါယ်ရတယ်တဲ့)
အားလုံး: "........"
သောက်ကျိုးနည်း ဘာကြီးလဲဟ။
ဟာသတစ်ခုပြောပြရမည်ဆိုလျှင် ဆိုင်းဘုတ်ကို ကြည့်ရုံဖြင့်ပင် ကိုယ်ဘယ်မှာလဲဆိုသည်ကို ပြောလို့ရပြီဖြစ်သည်။
·
လူအားလုံး စိတ်ပျက်လက်ပျက်ဖြစ်နေစဉ် အ အ ကားသမားက ပြန်လာသည်။ သူနှင့်အတူ အပေါ်ဝတ် စစ်အကျႌတစ်ထည်နှင့် သားရေဦးထုပ်တစ်လုံးကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ခေါ်လာခဲ့သည်။
သူ့မျက်နှာကို ကြည့်လိုက်လျှင် ထိုသူမှာ တရုတ်လူမျိုးတစ်ဦး ဖြစ်နိုင်ချေရှိသည်။
ကားသမားက ပြောသည်: "ဒီမှာ၊ ဒီလူတွေပဲ"
လောင်ယွီက အံ့အားသင့်သွားသည်: "စကားပြောတတ်တယ်လား"
ကားသမားက သူ့ကိုငဲ့ကြည့်ပြီး ခပ်ရှရှအသံဖြင့် ပြောသည် "သူက မင်းတို့ကို အဲဒီအိမ်ကို ခေါ်သွားလိမ့်မယ်၊ မှတ်ထားရမှာက တောထဲကို မသွားရဘူး"
သူက ပြောပြီးသည်နှင့် သားရေဦးထုပ်နှင့်လူကို လက်ဝှေ့ယမ်းပြ၍ ကားပေါ်တက်၍ မောင်းနှင်သွားတော့သည်။
ကားသည် ကွေ့ကာဝိုက်ကာဖြင့် တောအုပ်အတွင်းသို့ ဝင်ရောက်သွားပြီး မျက်စိတစ်မှိတ်အတွင်းတွင်ပင် ကောက်ကွေးနေသော သစ်ကိုင်းများဖြင့် ပိတ်ဆို့ခြင်းခံလိုက်ရပြီး သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
ကားစက်သံများနှင့် ကားတာယာဖြင့် ကျောက်စရစ်ခဲများ ကြိတ်သံများသည်ပင် ပျောက်ကွယ်သွားသည်။
တောအုပ်မှာ ချောက်ချားဖွယ်ကောင်းအောင်ပင် တိတ်ဆိတ်နေသည်။ ယင်းမှာ အားလုံး၏ ဆံပင်မွေးများကို ထောင်လာစေသည်။
·
"ငါတို့က ဒီကိုဘာလာလုပ်တာလဲ" ယိုဟော့က သားရေဦးထုပ်နှင့်လူကို မေးလိုက်သည်။
သားရေဦးထုပ်နှင့်လူက အာမေဍိတ်သံ ပြုလိုက်ပြီး ဆို၏: "မင်းတို့က ကဝေမုဆိုးမကို ရှာနေတာလို့ ပြောလိုက်တယ်မဟုတ်လား၊ ဘာလဲ၊ မေ့တောင်မေ့သွားပြီလား"
"ကဝေမုဆိုးမ ဟုတ်လား ကဝေမုဆိုးမက ဘယ်သူလဲ" ချန်ပင်းက နောက်ကသံယောင်လိုက်ပြောပြီး မေးသည်။
သားရေဦးထုပ်နှင့်လူက ကြောက်ဒူးတုန်သွားသည်။ သူ့ဦးထုပ်ကို လည်ပင်းနားတွင် ကျပ်စည်းလိုက်ပြီး မရေမရာသော အသံဖြင့်ပြောသည်။ "အဘွားအိုတစ်ယောက်၊ သူနဲ့ သူ့ယောက်ျားက ဒီကို စစ်ပွဲအတွင်းက ရောက်လာပြီး ချန်နေရစ်ခဲ့တာ။ ဂျစ်ပစီတွေဖြစ်မယ်ထင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ်..."
သူက သူ့ကိုယ်သူ ပို၍ပင် ကျပ်တည်းအောင် ရစ်ပတ်လိုက်ပြီးနောက် တိုးတိုးပြောသည် "ငါမင်းတို့ကို အဲဒီကိုခေါ်သွားမယ်၊ ဂရုစိုက်ကြပါ၊ သူရောက်လာပြီးနောက်ပိုင်း ငါတို့တစ်ရွာလုံးက ထူးဆန်းလာတယ်၊ ဒီမှာ ဘာဖြစ်လို့ မင်းတို့က ဆယ်ရက်တောင်... တည်းချင်ရတာလဲ"
အားလုံးက မျက်ရည်မထွက်ဘဲ ငိုချင်နေကြသည်။ စိတ်ထဲတွင်တော့ ပြောနေကြသည်: ငါက ရူးနေတယ်လို့များ ထင်နေလား၊ ဘာကိစ္စ ဒီလိုနေရာမျိုးမှာ တည်းချင်ရမှာလဲ။
...............................xxx...............................
Translated by Akira ❣️
Akira has something to say:
ဒီနေ့အပိုင်းလေးကို ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ချစ်ပါတယ်နော်၊ အားလုံးရဲ့ votes က Akira ကို အားဖြစ်စေပါတယ်၊ လူသစ်ဆိုတော့ အမှားတွေ့လို့ ထောက်ပြစရာရှိရင် အားမနာကြပါနဲ့နော်၊
See you all next week <3 <3