ဒီနေ့ သင်တန်းတက်ရမည့် ပထမဆုံးရက်မို့ လွမ်း မနက်အစောကြီးကတည်းက တက်ကြွလျက်။
"အငဲ"
အဆောင်ရှေ့မှ ကိုငယ့် ခေါ်သံကြားတော့ လွမ်း အဝတ်ရွေးနေရာမှ အခန်းထဲကနေ ထွက်ခဲ့၏။
"ဆိုင်ကယ်ဦးထုပ် လာပေးတာ...ကိုငယ် သင်တန်းလိုက်ပို့ရဦးမလား"
"ရတယ် ကိုငယ်...ကျွန်တော်တို့ သွားတတ်ပါတယ်"
"အင်း...ဒါဆို ကိုငယ် အလုပ်သွားပြီနော်"
"ဟုတ်"
ကိုငယ့်ဆိုင်ကယ် ပြန်ထွက်သွားသည့်နောက် လွမ်း အဆောင်ခန်းထဲ ပြန်ဝင်ခဲ့ပြီး အဝတ်လဲရသည်။
ရာသီဥတုကအေးတော့ အဖြူရောင် ရှပ်လက်တိုပေါ်တွင် နို့စိမ်းရောင် ဆွယ်တာထူထူလေး ထပ်ဝတ်ပြီး အောက်က ဆင်စွယ်ရောင် ဘောင်းဘီရှည် ဝတ်လိုက်၏။
"လွမ်း...ငါ အဆောင်ရှေ့မှာ စောင့်နေမယ်နော်"
"အင်း"
သူ ကျောပိုးအိတ်လွယ်ပြီး ဆိုင်ကယ်ဦးထုပ်ယူကာ အဆောင်ထဲကနေ ထွက်သွားတော့ သုတက ဆိုင်ကယ်လည်း အဆင်သင့် ထုတ်ထားပြီ။
သုတရဲ့ဆိုင်ကယ်က အဖြူရောင် Click ဘီးလေးဖြစ်ပြီး သုတက ဆိုင်ကယ်မောင်းတာ ငြိမ်တော့ သူ နောက်ကနေ ပထမဆုံး လိုက်စီးခြင်း ဖြစ်သော်လည်း စိတ်အေးရသည်။
သူလည်း အသက် ၁၈နှစ်ပြည့်ပါက အိမ်ကလူတွေ ခွင့်ပြုလျှင် အိမ်က သူ့ဆိုင်ကယ်ကို အဆောင်သို့ ယူလာဖို့ စိတ်ကူးထား၏။
သူတို့နှစ်ယောက် သင်တန်းကို ရောက်ချိန်က ၉နာရီ မတ်တင်းပဲ ရှိသေးပေမယ့် သင်တန်းသားတွေ တော်တော်များများ ရောက်နေကြလေပြီ။
သူတို့ အတန်းက လူ ၃၀ခန့်ရှိပြီး ၉နာရီ အတန်းစတော့ ဆရာမနှင့်တစ်ယောက်ချင်း မိတ်ဆက်ကြရ၏။
Basic အတန်းမို့ ပထမဆုံးသင်ခန်းစာက English လို နှုတ်ဆက်စကားပြောတာကိုပဲ ရိုးရှင်း လွယ်ကူစွာ သင်ကြားရပါသည်။
လွမ်းက English Speaking ကို အခုမှ အခြေခံက စသင်ရပေမယ့် သူ့အစ်ကိုတွေ အကုန်လုံးက တက္ကသိုလ်ကျောင်းသားဘဝကတည်းက အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ကြ၏။