"ငါတို့ရဲ့Lab ဆောင် အသစ် စဆောက်နေပြီပဲ"
အတန်းဖော်တွေပြောမှပဲ သူ စာသင်ခန်း ပြတင်းကနေ ဆောက်လုပ်ရေးဘက်သို့ တစ်ချက် ကြည့်မိသည်။ Foundation ချဖို့ မြေနေရာ တိုင်းနေသော အင်ဂျင်နီယာတွေကို မြင်တော့ အင်ဂျင်နီယာတစ်ယောက်ဖြစ်သည့် ရှိန်ဇေ့ကို စိုင်းစေး သတိရသွား၏။ ဟိုတစ်ခါ Hot pot ဆိုင်မှာ တွေ့တုန်းက သူ့အား စိတ်ဆိုးသွားသည့် လွမ်းတိုင်းသားဟာ ခုထိလည်း သူ့ကို အဆက်အသွယ် မလုပ်ခဲ့ပါ။
"စေး ညနေကျရင် ဘောလုံး Training ရှိတယ်နော်"
"အင်း"
မကြာခင် မေဂျာပေါင်းစုံ ဘောလုံးပွဲတွေ စတော့မှာမို့ စိုင်းစေး အတန်းပြီးတော့ အိမ်ကို ခဏပြန်ပြီး အဝတ်အစားလဲရသည်။ သူ Training မသွားခင် ညနေစာ စားဖို့ သျှားရင့်က သူ့အတွက် Chicken Sandwich နဲ့ Salad လုပ်ပေး၏။ ထူးကဲသည့်လက်ရာ မဟုတ်ပေမယ့် သူငယ်ချင်းတွေအတွက်ဆို ကြိုးကြိုးစားစား ချက်ပြုတ်ပေးတတ်သော သျှားရင့်ရဲ့စိတ်ကို အသိအမှတ်ပြုပြီး သူကလည်း ကောင်းကောင်းစားပေးပါသည်။
"ဒါက နားချိန်ကျ သောက်ဖို့ Banana smoothie"
"ကျေးဇူးပဲ သျှား"
စိုင်းစေး ညနေစာ စားပြီးတော့ သျှားရင့်ကို ပန်းကန်တွေ ဆေးကူလိုက်သည်။
"သျှား ဒါနဲ့လေ"
"အင်း"
သူ့စိတ်ထဲ မတင်မကျဖြစ်နေတာကို သျှားရင့်နဲ့တိုင်ပင်ကြည့်ရင် ကောင်းမလားဆိုပြီး စိုင်းစေး စကား စလိုက်မိ၏။
"လူတစ်ယောက်ကကွာ ကိုယ့်ကို ကြိုက်တော့ကြိုက်ပြီး မာနကြီးနေတာမျိုးဆို ဘယ်လို တုံ့ပြန်သင့်လဲ"
"မင်းဘက်က တင်းပြလိုက်ရင် သူ့ဘက်က အလျှော့ပေးလိမ့်မယ်"
"ငါ့ အဲ့လိုလုပ်ရင် သူက တစ်ပြန်ကြီးစိတ်ကောက်တာကွ"
"မင်းက အညှာကိုင်လိုက်လေ"
"ဟင်...ဘယ်အညှာလဲ"
"လူတစ်ယောက်မှာ ကိုယ်ကြိုက်တဲ့လူနဲ့ ပတ်သက်ပြီး Weakness ဆိုတာ ရှိတယ်...အဲ့ဒါကို ချုပ်ကိုင်နိုင်ရင် အဲ့လူက မင်းသဘော မင်းအလိုကျ ဖြစ်သွားရော"