PART [ 93 ]

9.3K 1.1K 88
                                    

လွမ်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည့်အချိန်ကျမှ သူ လွမ်းရဲ့အခန်းထဲကနေ သာသာလေး ထွက်ခဲ့ပါသည်။ အန်တီက ​ဇေရှိန်ဟန့် အခန်းကို သုံးဖို့ ပြောထားသော်လည်း John တံခါးဖွင့်ရမှာတောင် လက်တွန့်နေခဲ့သေး၏။

နာမည်တင်မက လူကိုပါ ရှိန်ရသော ဇေရှိန်ဟန်ရဲ့ အခန်းကတောင် အရှိန်အဝါတွေ လွှမ်းနေသလို ခံစားရသည်။ ရှိန်ဇေ့အခန်းထဲမှာ သူ့ကို အရင်ဆုံး အာရုံစိုက်မိစေတာက ဆုတံဆိပ်တွေပင်။ ပညာရေးနှင့်ပတ်သက်သော ထူးချွန်ဆုတွေသာမက အငယ်တန်း မြှားပစ် ပြိုင်ပွဲမှ ရသည့် ရွှေတံဆိပ်တွေကိုလည်း တွေ့ရသည်။

မြှားပစ်ရာမှာ လက်ဖြောင့်လွန်းသည့် ဇေရှိန်ဟန်က သူ့သူငယ်ချင်း စိုင်းစေးရဲ့ နှလုံးသားကိုလည်း တစ်ချက်တည်းနဲ့ တည့်တည့်မှန်အောင် ပစ်ခဲ့လေသလားဟုပင် John အတွေးပေါက်မိပါ၏။

*******************************

"အမေ"

အိမ်ရှေ့တွင် ရပ်ထားသည့် ကားကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဇေရှိန်ဟန် မျက်မှောင်တွေ ကြုတ်မိလျက်သား။

"ဟဲ့...ဒီအချိန်ကြီး အိမ်ပြန်လာရသလား"

အမေက သူ့ကို ညမိုးချုပ်သည့်အချိန်တွေမှာ ဆိုင်ကယ် မမောင်းစေချင်ပေမယ့်လည်း အငဲ မသက်သာဘူးလို့ ကြားတာမို့ သူ အလုပ် ဆင်းဆင်းချင်း ပြန်လာခဲ့မိတာပင်။

"အဲဒါ ဟိုကောင့်ကား မဟုတ်လား"

သူ့အပြောအဆို ရင့်သီးသဖြင့် လက်တစ်ဖက်က ကိုးလုံးပုတီးကို စိပ်နေရာမှ အမေက သူ့လက်မောင်းကို ဖြန်းကနဲ ရိုက်သည်။

"သားJohn ကို မင်းရဲ့အခန်းမှာ တည်းစေလိုက်တယ်"

သူ့ကိုဆို သားရှိန်လို့ ရံဖန်ရံခါမှသာ ခေါ်တတ်သည့် အမေဟာ ဟိုကောင်ကိုကျ တစ်သားတည်း သားနေတာလည်း သူ မကြည်လင်။

"ဧည့်သည်အိမ်ကြီး တစ်ခုလုံး ရှိနေတာကို ဘာလို့ ကျွန်တော့်အခန်းလဲ"

သူ ပြန်မလာခင် အချိန်အထိ တရား ဘာဝနာ ပွားများနေခဲ့သော အမေသည် အခုတော့ သူ့ကြောင့် အာရုံ ပျက်ရပြီမို့ ဧည့်ခန်းထဲ ဟိုသည် လမ်းလျှောက်တာကိုလည်း ရပ်လိုက်ပါတော့သည်။

Lovey DoveyWhere stories live. Discover now