"အငဲရေ"
"ဗျာ"
"သား ဒီမနက် မေမေ့ကို စျေးသွားသုံးပေးမလား"
"ဟုတ်ကဲ့"
"ဒီမှာ ဝယ်ရမဲ့ဟာတွေကို မေမေ စာရင်း ရေးပေးထားတယ်"
"ဟုတ်ကဲ့"
John မီးဖိုဆောင်ထဲတွင် အုန်းထမင်း ချက်ဖို့အတွက် လွမ်းရဲ့မေမေကို လုပ်ကူနေရင်း လွမ်း တစ်ယောက်တည်း စျေးသွားရမည်ကို သိတော့ သူ အုန်းသီးခြစ်နေရာမှ ပျာပျာသလဲ ထရပ်လိုက်မိသည်။
"လွမ်း...အစ်ကို လိုက်ကူရမလား"
"လိုက်ကူရင် ကောင်းတာပေါ့ဗျာ"
"သား စိုင်းစေးလည်း လိုက်ချင် လိုက်သွားလေ"
"ရတယ်ဗျ...ကျွန်တော်က ဒီမှာပဲ အန်တီ့ကို ကူပါ့မယ်"
အလိုက်သိသော သူငယ်ချင်း ဖြစ်သူအား John ကျေးဇူးတင်သလို ကြည့်လိုက်သည့်အခါ စိုင်းစေးက သူ့ကို လွမ်းနဲ့နှစ်ယောက်တည်း ကောင်းကောင်းလည်ခဲ့ဟူသည့် သေဘာဖြင့် ပြန် ပြုံးပြ၏။
"လွမ်း...အစ်ကို ပလိုင်း လွယ်ပေးမယ်လေ"
"ရပါတယ်ဗျ"
"အဲ့ဒါဆို လေးလာရင် အစ်ကို လွယ်မယ်နော်"
"အဲ့လို လုပ်ချင်ရင်လည်း သဘောပါဗျ"
လွမ်းတို့အိမ်နှင့်ရွာထိပ်ရှိစျေးက နည်းနည်းတော့ ဝေးပါသည်။ ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းကို လွန်ကာ သူတို့နှစ်ယောက် ၁၅ မိနစ်ခန့် ခြေလျင်လျှောက်ခဲ့ပြီးမှ စျေးတန်းကို လှမ်းမြင်ရ၏။
"ကျွန်တော်တို့ဆီမှာက ငါးရက်မှ တစ်စျေးကျတာလေ"
စျေးအဝင်၌ တခြားရွာတွေမှ အထမ်းဖြင့် လာရောင်းကြသော တိုင်းရင်းသား စျေးသည်တွေက အတန်းလိုက်ရှိကာ အတွင်းဘက်တွင်တော့ သက်ကယ်မိုးဖြင့် မြေစိုက်တဲလေးများကို စျေးဆိုင်ခန်းများအဖြစ် တွေ့ရသည်။
"စည်သားပဲနော်"
စျေးထဲတွင် ဟင်းသီးဟင်းရွက်၊သစ်သီး၊အသား ငါး၊ ရိုးရာမုန့်မျိုးစုံနှင့်ပန်းတွေကလည်း စုံစုံလင်လင်။ သောက်စရာ အအေးဆိုင်၊ ထိုင်စားစရာ နေရာနဲ့ ခေါက်ဆွဲဆိုင် အချို့အပြင် အိမ်သုံးပစ္စည်းဆိုင်၊အဝတ်အထည် ဆိုင်တွေသာမက ဆန်၊ဆီ၊ဆေး၊ဆား၊အခြောက်အခြမ်းတွေပါ မကျန်စေရဘဲ လွမ်းတိုင်းရွာစျေးဟာ ဒေသခံများဖြင့် စည်စည်ကားကား ရှိလှပါသည်။