"လွမ်းတိုင်း စံပြကျေးရွာမှ ကြိုဆိုပါ၏။"
ကျောက်ထင်းရှူးပင်တွေကြားရှိ ဆိုင်းဘုတ်အဖြူလေးကို လှမ်းမြင်လိုက်သည်နှင့် သူ့ရင်ထဲ နွေးထွေးသွားရ၏။
"သားကြီးလည်း ဒီညနေ ပြန်ရောက်မယ် ပြောတယ်"
ဒီတစ်ပါတ် ပိတ်ရက်မှာ ကိုကြီးတို့ မအားကြ၍ သူ့ကို အဖေ လာကြိုတာဖြစ်သည်။
"ဒီနှစ် လက်ဖက်တွေ ပိုကောင်းတယ်နော် အဖေ"
ရွာအဝင်ကတည်းက တောင်စောင်းတစ်လျှောက်တွင် လက်ဖက်ခင်းစိမ်းစိမ်းတွေကို လှမ်းမြင်ရပြီ။
"သားလတ်က အလုပ်ကြိုးစားလွန်းတာကိုး"
သူတို့မိသားစုရဲ့အဓိကစီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းဟာ ကိုလတ် လက်ထက်မှာ ပိုပြီး ဖြစ်ထွန်းအောင်မြင်လာခဲ့တာ ငြင်းမရပါ။
"ဟိုမှာ သားရဲ့ကိုငယ်"
အဖေ့ကားလေး စာသင်ကျောင်းရှေ့လမ်းကို ဖြတ်စဥ်တွင် သူ ကားပြတင်းမှ ခေါင်းပြူလျက် ကျောင်းဆောင်သစ်ဆောက်လုပ်ရေး Site ထဲတွင် အလုပ်များနေသော အင်ဂျင်နီယာ ကိုငယ့်အား လက်တစ်ဖက်ဝေ့ယမ်းပြလိုက်သည်။
သူ့ကိုမြင်တဲ့ကိုငယ်က အိမ်ရောက်မှ တွေ့မည်ဟု လက်ဟန်ပြတော့ သူ ပြန်ခေါင်းညိတ်ပြလိုက်ပါ၏။
လွမ်းတိုင်းရွာတွင် သူတို့အိမ်ရဲ့တည်နေရာက ရွာလယ်ကျပါသည်။ ကျယ်ဝန်းသောခြံထဲ၌ ကျွန်းအိမ်ကြီး သုံးလုံးရှိသည့်အနက် ရှေးအကျဆုံး အိမ်က အဖိုးအဖွားအိမ်ဖြစ်ပြီး အလယ်အိမ်မှာ သူတို့မိသားစုနေအိမ်ဖြစ်သည်။ ဆောက်ထားတာ ဆယ်စုနှစ်သာရှိသေးသော အိမ်ကတော့ ရပ်ဝေးဆွေမျိုးများ လာလျှင် တည်းဖို့ရာ ဖြစ်သည်။
"ဝုတ် ဝုတ် ဝုတ်!"
ခြံဝန်းထဲ ဝင်ဝင်ချင်းမှာပဲ ဟောင်သံ ကြားရပြီး Lucky က မြေနီလမ်းတစ်လျှောက် တစ်ဟုန်တိုး ပြေးလာ၏။
"Lucky!!"
သူ ကားပေါ်က ဆင်းတာနဲ့ Lucky က သူ့လက်ပေါ် ခုန်တက်သည်။ ဒီနှစ်ထဲမှာပင် အတော်လေး ထွားလာသော Lucky ကို သူ မချီပွေ့နိုင်တော့ပေ။