PART [ 96 ]

7.9K 1K 82
                                    

"ဒီနေ့ သွေးပေါင်ချိန် အတော်ပဲ ဘွား"

"အပြင်ထွက်လို့ အဆင်ပြေတယ် မဟုတ်လား"

"ဟုတ်ကဲ့"

"မောင်ထွန်းကို ကား အဆင်သင့် ပြင်ခိုင်းထားလိုက်မယ်"

အရုဏ်ဦးဇမ် ဘွားယိမ်းကို မနက်ခင်း ကျန်းမာရေး စစ်ဆေးပေးပြီး
သူ့အခန်းဘက်သို့ ပြန်လာခဲ့သည်။
ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်ပေမယ့် ဘွားယိမ်းနှင့်အတူ မြို့သစ်ဘက်ကို လိုက်ရမှာမို့ သူ အဝတ်အစားလဲလိုက်၏။

နောက်ပြီး သူ ဆေးတက္ကသိုလ်ကို ဝင်ခွင့်ရတုန်းက ဘွားယိမ်း ဂုဏ်ပြုလက်ဆောင်ပေးထားသည့် နာရီကိုလည်း မှတ်မှတ်ရရ ပတ်လိုက်ပါသည်။

အားလုံး ပြင်ဆင်ပြီးချိန်မှာ မှန်ထဲကို ကြည့်လိုက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ရင့်ကျက် တည်ကြည်နေသော အသက် ၂၁ အရွယ် သူ့ကိုယ်သူ ပြန် မြင်ရ၏။

စာကြည့်စားပွဲပေါ်တွင် တင်ထားသော ဖုန်းကို သွားယူရင်း စာကြည့်စားပွဲ အံဆွဲထဲက တစ်စုံတစ်ရာကိုလည်း သူ မမေ့မလျော့ ထုတ်ကြည့်ဖြစ်သည်။

လက်နှိပ်ခလုတ်တွေပါသော ဂိမ်းစက်လေးက အရည်အသွေး ပြည့်ဝသည့် ပစ္စည်းမို့ ဆယ်စုနှစ် တစ်ခုကြာသွားတာတောင် မပျက်မစီးဘဲ အကောင်းအတိုင်း ရှိနေဆဲ။

သူကိုယ်တိုင်က ဒီပစ္စည်းလေးကို ဂရုတစိုက်နဲ့တန်ဖိုးထားခဲ့လို့လည်း အချိန်တွေ အကြာကြီး သိမ်းဆည်းထားနိုင်ခဲ့တာဖြစ်သည်။

သူ့ဘဝမှာ လက်ခံရရှိဖူးသမျှ လက်ဆောင်ပစ္စည်းတွေထဲမှာ ဒီဂိမ်းစက်လေးက သူ့အတွက် အမှတ်တရ အရှိဆုံးပင်။

"မြေးငယ်ရေ"

"လာပြီ ဘွား"

အခန်းပြင်မှ ဘွားယိမ်းရဲ့ခေါ်သံကြောင့် သူ့အတွေးစတို့ ပြတ်တောက်သွားရပြီး လက်ရှိ ပစ္စုပ္ပန်ကာလမှာပဲ သူ့အာရုံတွေကို ပြန်လည် စုစည်းလိုက်ပါသည်။

"ဘွားရဲ့မြေးငယ်က ဒီနေ့လည်း သိပ်ကြည့်ကောင်းနေတယ်"

"ကျွန်တော်က ဘွားရဲ့မေတ္တာတွေ လွှမ်းခြုံထားတဲ့သူပဲဗျာ"

Lovey DoveyWhere stories live. Discover now