PART [ 77 ]

9.3K 1.2K 74
                                    

"ဒီနှစ်တော့ သားအဖေအတွက် ဘိုးဘွားရိပ်သာမှာ ကုသိုလ်လုပ်ဖို့ စိတ်ကူးထားတယ် သားခွန်ရေ"

"ဟုတ်ကဲ့ အမေ...ကျွန်တော် စီစဥ်လိုက်ပါ့မယ်"

လာမည့် တနင်္ဂနွေ နေ့ဆိုလျှင် အဖေ လောကကြီးထဲကနေ ထွက်သွားတာတောင် ( ၁၀ ) နှစ် ပြည့်လေပြီ။

လူမှု ကယ်ဆယ်ရေး ဝန်ထမ်း တစ်ယောက် ဖြစ်ခဲ့သည့် အဖေဟာ ခွန်ဦး အလေးစားရဆုံး ပုဂ္ဂိုလ်တစ်ယောက်ပင်။

ခွန်ဦးဆီမှာ အဖေနှင့်ပတ်သက်လျှင် ပျော်ရွှင်စရာ၊ပီတိဖြစ်စရာ၊ ဂုဏ်ယူစရာ အမှတ်တရကောင်းတွေသာ များခဲ့ပါ၏။

အမေကတော့ အဖေနှင့်ဖူးစာဆုံစဥ်က သူနာပြု ဆရာမ တစ်ယောက် ဖြစ်ပေမယ့် ခွန်ဦးကို မွေးပြီးသည့်နောက် အလုပ်ထွက်လိုက်သည်။ သူ့ကို အချိန်ပေးကာ ကြည့်ရှု  စောင့်ရှောက်ရင်းနှင့် အမေက ခွန်ဦး မူလတန်းအရွယ် ရောက်သည့်အခါမှ ဝါသနာအရ ခေါက်ဆွဲဆိုင်လေးကို ဖွင့်ခဲ့ခြင်း။

အဖေ ငှက်ဖျားရောဂါကြောင့် အိပ်ရာထဲ လှဲတော့ အမေဟာ ဇနီးကောင်း ပီသစွာ အဖေ့အနားမှာ အနီးကပ် ပြုစုပေးခဲ့သော်လည်း တစ်လအကြာတွင် အဖေက သူတို့ သားအမိကို စိတ်ချလက်ချ ထားရစ်သွားတော့တာပင်။

အဖေဆုံးသည့်နောက် ချမ်းသာသည့် အဖေ့မိဘတွေက အဖေ့အတွက် ခွဲထားသည့် အမွှေတွေကို သူတို့သားအမိဆီ လွှဲပေးခဲ့၏။ အမေ့ဘက်မှ ဆွေမျိုးတွေက အမေ့ကို လုပ်ငန်းတစ်ခု ထူထောင်ဖို့ တိုက်တွန်းကြပေမယ့် အမေကတော့ အေးအေးလူလူပဲ အဆောင်တစ်ခု ဖွင့်လိုက်သည်။

"အမေတို့ ဒီနှစ် ဘာချက်ကျွေးရင် ကောင်းမလဲ"

"သက်ကြီးရွယ်အိုတွေကို ကျွေးဖို့ဆိုတော့ အာဟာရ ဖြစ်စေမယ့် ကြက်ပေါင်းခေါက်ဆွဲ ကျွေးရအောင် အမေ"

"ကောင်းသားပဲ...ဒါနဲ့ မင်း အဖေက အမေလုပ်ကျွေးတဲ့ ကြက်ပေါင်းခေါက်ဆွဲကို သိပ်ကြိုက်တာလေ...အခု အမေ့လက်ရာထက်ကောင်းတဲ့ သားလက်ရာ ခေါက်ဆွဲဆိုလည်း သိပ်ကြိုက်မှာပဲ"

"ကျွန်တော် မှတ်မိသေးတယ်...အဖေက ပိတ်ရက် အိမ်ပြန်လာတာနဲ့ ကြက်ပေါင်း ခေါက်ဆွဲ စားချင်လိုက်တာ နန်းရေလို့ ပြောတတ်တာကို"

Lovey DoveyWhere stories live. Discover now