လွမ်းတို့တွေ ငပလီကမ်းခြေကိုရောက်နေတာ နှစ်ရက်မြှောက်နေ့။
တောင်ကြီးကနေ ငပလီအထိ
ကားအကြာကြီးစီးခဲ့ရသော်လည်း တစ်လမ်းလုံး သက်သောင့်သက်သာဖြင့် ကိုကို့ပခုံးပေါ် မှီလိုက်လာခဲ့သည့် သူ ခါတိုင်းလို ခရီးပန်းတာမျိုးမရှိပေ။စရောက်ရောက်ချင်းနေ့ကတည်းက ကမ်းခြေမှာ ရေကစားပြီး ကိုကိုမောင်းသည့် Speed Boat ကိုလည်း လိုက်စီးပြီးပြီဖြစ်သည်။
ဒီနေ့တော့ သူငယ်ချင်းတွေနှင့်အတူ လျှောက်လည်ဖို့ ချိန်းထားသဖြင့် လွမ်း ကိုကိုနှင့်အတူ Hotelမှာ မနက်စာစား ပြီး အခန်းထဲတွင် အဝတ်ပြန်လဲရ၏။
"ပြန်လာမှ တွေ့မယ်နော် ကိုကို"
"ပျော်ပျော်လည်ခဲ့ပါဗျာ"
သူတို့ သူငယ်ချင်းငါးယောက် အပြင်ထွက်ခဲ့တော့ ကိုကိုကလည်း မဟာတန်းကသူငယ်ချင်းတွေနှင့်အဖွဲ့ကျနေခဲ့သည်။
"လွမ်း...ငါ့ကိုစောင့်ဦး"
"အင်း"
ကမ်းခြေတွင် အမှတ်တရပစ္စည်းတွေရောင်းသော ဆိုင်တွေဘက်သို့သွားနေကြရင်း ပိုးပိုးက အားလုံးထက် ရှေ့ဆုံးရောက်နေသည့် သူ့နံဘေးကို ပြေးလာသည်။
"နင်နဲ့အစ်ကိုJohn တွဲနေကြပြီလား"
"ဟင့်အင်း"
သူ ခေါင်းရမ်းတော့ ပိုးပိုးက အံ့ဩသွားဟန်ဖြင့်
"တစ်ယောက်ကိုတစ်ယောက် ကိုကိုနဲ့ဘေဘီလို့ ခေါ်နေကြတာတောင်လေ"
ပိုးပိုးပြောမှပဲ လွမ်းလည်း အစ်ကိုနှင့်သူ့ရဲ့ဆက်ဆံရေးကို ပြန်လည်သုံးသပ်မိတာပင်။
သူတို့နှစ်ယောက်ကြား ရင်းနှီးမှုက သာမာန်ထက် ပိုပေမယ့် ချစ်သူရည်းစား ပတ်သက်မှုမျိုးတော့လည်း မဟုတ်ပြန်။
"ငါတို့သူငယ်ချင်း ငါးယောက် လက်ပတ်ဆင်တူဝယ်ဝတ်ရအောင်"
"ကောင်းသားပဲ"
နောက်မှာ ပါလာသည့်မောင်မောင်နှင့်ခေါင်ယံတို့ ပြောတာတွေကိုကြားမှပဲ လွမ်းရဲ့အတွေးစလေး ပြတ်တောက်သွား၏။