ကျောင်းဖွင့်ရက်ဖြစ်ပေမဲ့ ဒီနေ့ အန်တီနန်းဦး ဆိုင်ပိတ်ထား၏။ Isaac တို့တောင် သျှားရင့် လုပ်ပေးသည့် နှပ်ကော်ဖီနဲ့ပေါင်မုန့်မီးကင်ကို မနက်စာ စားခဲ့ရသည်။ အစောကြီး ကျောင်းသွားလေ့ရှိသော ခွန်ဦးကို ဒီမနက် မမြင်။ Isaac အတန်းတက်နေပေမဲ့ အာရုံက စာထဲ မရောက်။ စာမေးပွဲအတွက် အရေးကြီးတဲ့ အခန်းတွေကို ပြန်ပြောပြနေသော ပါမောက္ခရဲ့အသံက သူ့နားထဲ ဝင်တစ်ချက် မဝင် တစ်ချက်။
"ထမင်းပေါင်း လေးပွဲပါဗျ"
"John က ဘာစားမလဲ မသိလို့ မမှာထားတော့ဘူး"
"ဟိုမှာ လာပြီ သူ့ရွှေရင်အေးလေးနဲ့"
"ခုံနှစ်လုံး ဆွဲထားပေးလိုက်ဦး"
Canteen တွင် Isaac တစ်ယောက်တည်း ငြိမ်နေမိသည်။ သူတို့ထိုင်နေသော စားပွဲဆီ
John နဲ့ လွမ်း ရောက်လာတော့မှ သူ လွမ်းကို ခွန်ဦးအကြောင်း မေးကြည့်ဖို့ အမှတ်ရ၏။"လွမ်း"
"ဗျ"
"ခွန်ဦးတို့ ဘာလို့ ဆိုင်ပိတ်ထားလဲ သိလား"
"အစ်ကိုခွန်ဦး နေမကောင်းလို့တဲ့ဗျ"
"ဘာ! ခွန်ဦးက နေမကောင်းဘူး!"
"ဟုတ်...ဒီနေ့ ကျောင်းတောင် မလာဘူးဗျ"
ကျန်းမာရေး ဂရုစိုက်လွန်းသည့် ခွန်ဦးက နေမကောင်းဘူးဆိုတော့ Isaac ရင်ပူသွားရသည်။ သူ နေ့လယ်စာ ထိုင်စား မနေနိုင်တော့ဘဲ ကျောပိုးအိတ်ကို လက်က ကိုင်လျက် နေရာမှ ထရပ်လိုက်မိပြီဖြစ်သည်။
"Isaac"
သူ ခပ်လှမ်းလှမ်း ရောက်သည့်အခါ သူ ကား မပါမှန်း သတိရတဲ့ John က ကားသော့ကို လှမ်းပစ်ပေးတော့ Isaac လက်တစ်ဖက်တည်းဖြင့် အမိအရ ဖမ်းလိုက်၏။
"ကျေးဇူး"
ညနေပိုင်းတွင် အတန်းချိန် ရှိသေးသော်လည်း သူ တက်ဖြစ်မည် မဟုတ်တော့။ စာကြည့်တိုက်နားမှာ John ရပ်ခဲ့သည့် ကားကို ယူမောင်းပြီး Isaac ကျောင်းကနေ ပြန်လာလိုက်သည်။
အိမ်ရောက်တော့ သူ ကျောပိုးအိတ်ကို အိမ်ထဲထိ သွားထားမနေတော့ဘဲ John ရဲ့ ကားပေါ်မှာပဲ ဒီတိုင်းထားခဲ့ကာ ခွန်ဦးတို့အိမ်ဘက်သို့ ကူးသွားလိုက်၏။
![](https://img.wattpad.com/cover/291302378-288-k987404.jpg)