Isaac တို့ ပထမနှစ်ဝက် စာမေးပွဲဖြေရန် တစ်လသာ လိုတော့၏။
ဂျူနီယာတန်းတွေက ကျူရှင်တက်ရပေမဲ့ သူတို့ Master တန်းတွေကတော့ ကျူရှင် မရိှ။
ဒီနေ့ ကျောင်းပိတ်ရက် ဆိုပေမဲ့ Isaac တို့တွေ တစ်ယောက်မှ အပြင်ထွက်မလည်ကြပါ။
စာကြည့်ရတာ ငြီးငွေ့လာသဖြင့် Isaac အခန်းထဲမှ ထွက်လာတော့ Living Room ထဲတွင် သျှားရင့်က Sofaပေါ် လှဲလျက်ရှိကာ မျက်နှာပေါ် မှာ စာအုပ်တင်ထား၏။ ထူးထူးဆန်းဆန်း စာကျက်နေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ ထိုပုံအတိုင်း အိပ်ပျော်နေခြင်းသာ။
လျှံသောတရဲ့ အခန်းထဲ ဝင်သွားတော့လည်း အရင်ဆို အဝတ်တွေကို ပင်မင်းအပ်လေ့ရှိတဲ့ မောင်မင်းကြီးသားက စာမကျက်ဘဲ ကိုယ်တိုင် အဝတ်လျှော်နေ၏။ စာကလွဲရင် ကျန်တာ ဘာပဲလုပ်ရလုပ်ရ တက်ကြွသည့် လျှံသောတသည် အဝတ်လျှော်ရင်း သီချင်းလေး တအေးအေး ညည်းလို့။
Isaac ဝရန်တာဘက် ထွက်လာသည့်အခါ အိမ်ရှေ့တွင် လွမ်းနှင့်စကားပြောနေသည့် John ကို တွေ့ရသည်။ လွမ်းတစ်ယောက် ကျူရှင်သွားဖို့အရေး John က "အတန်း ဘယ်ချိန်ပြီးမှာလဲ" ၊ "ကျူရှင်တက်ရမဲ့ နေရာက ဝေးလား" ၊ "အပြန်နောက်ကျလို့ တစ်ယောက်တည်း မပြန်ရဲရင် အစ်ကို့ကို ဖုန်းဆက်လိုက်" စသဖြင့် မှာတမ်းခြွေနေတာများ မူကြိုသွားတက်မဲ့ကလေးကို စိုးရိမ်နေသည့် အဖေကြီးနဲ့တောင် တူနေပြီ။
သူတို့အားလုံးထဲမှာ စာသေချာလုပ်နေတာဆိုလို့ စိုင်းစေးတစ်ယောက်ပဲ ရှိပါသည်။ အရင်လကတည်းက အချိန်ဇယား တိတိကျကျနဲ့စာကြည့်လာသည့် စိုင်းစေးက စာမေးပွဲဖြေဖို့ နှစ်ပါတ်လောက်အလိုကျရင် Revision နှစ်ခေါက်လောက် ပြန်ပြီးလိမ့်မည်။ အဲ့ဒီ့အချိန်ဆို သူတို့တွေ ဗျာများတတ်သလောက် စိုင်းစေးကတော့ အေးဆေး နှပ်နေနိုင်ပြီ။
စိုင်းစေးရဲ့အခန်းထဲ ဝင်လိုက်တာနဲ့Isaac စိတ်ချမ်းသာသွားရသည်။ Indoor plant တွေ အများကြီး ရှိသည့် ပါတ်ဝန်းကျင်ဟာ စာကြည့်ဖို့ အင်မတန်မှ ကောင်းသည့် နေရာဖြစ်သော်လည်း သူတို့တွေက စာမေးပွဲနီးတိုင်း စိုင်းစေးရဲ့အခန်းထဲ မယောင်မလည်ဖြင့် ရောက်ရောက်လာကာ အိပ်တဲ့သူကအိပ်၊ စကားများတဲ့သူကများ ဖြစ်ကြသည်။