Isaac အိမ်ထဲ ပြန်ဝင်သွားသည့်အခါ သူငယ်ချင်းတွေကနေ အိမ်ပေါ်ထပ်မှနေ တဝုန်းဝုန်း ပြေးဆင်းလာကြ၏။ လျှံသောတဆိုလျှင် လှေကားအဆုံးနားက လက်ရန်းကိုတောင် ခုန်ကျော်လိုက်တာ လွှားကနဲ။
"မင်းရဲ့ခွန်ဦးက ဘာတဲ့လဲ"
"ရည်းစားဖြစ်ကြပြီလား"
"နှင်းဆီရုံအကွယ်မှာ မင်းတို့ ဘာလုပ်ကြတာလဲ"
"Kiss?"
တစ်ယောက်တစ်ပေါက် မေးခွန်းများကြား Isaac မျက်နှာက ဖြီးလျက်။ ဧည့်ခန်း Sofa ပေါ် ထိုင်ချလိုက်တော့ John တို့တွေ သူ့အနား ဝိုင်းလာကြသည်။
"ခွန်က ငါ့ကို မငြင်းတော့ဘူးကွ"
"Wow!!!"
အော်သံတွေက ဧည့်ခန်းထဲ ဟိန်းသွားကာ
"အဲ့တော့ ရည်းစားဖြစ်ကြပြီပေါ့"
သျှားရင့်မေးတာကို Isaac ခေါင်းရမ်းလိုက်တော့
"ဟာ!!"
အားမလို အားမရ ဖြစ်မှုတွေက ဒွန်တွဲပါလာသည်။
"ငါက ချစ်တယ်ပြောတော့ သူသိပါတယ်တဲ့"
"အဲ့လောက်ဆို အခြေအနေကောင်းပါတယ်ကွ"
"အေး...ပုံမှန်ဆို ခွန်ဦးက မင်းကို အကြာကြီး ပစ်ထားမှာ...ခုကျ သူ ကိုယ်တိုင် မင်းကို လာတွေ့တယ်လေ"
"ခွန်ဦးက မင်းကို တွေ့ချင်လို့တဲ့"ဟု လျှံသောတ လာပြောတုန်းက သူ Sofa ပေါ်တွင် အသေကောင်လို လှဲနေခဲ့ရာမှ ဝုန်းကနဲ ထခုန်မိတာ ဖြစ်သည်။ ခွန်နဲ့ ထွက်မတွေ့ခင် ဧည့်ခန်းထဲ ဟိုသည်လျှောက်ရင်း ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းနေခဲ့ရတာလည်း
ရင်ခုန်သံတွေ ဗြောင်းဆန်လို့ပင်။သူငယ်ချင်းတွေက နောက်ကနေ အတင်းတွန်းပို့ကြတာတောင် ခွန်ရှိရာ တစ်လှမ်းချင်း လှမ်းခဲ့ရသည်။
"ငါ ပြောရဲတယ်...မင်းတို့ မကြာခင် အဆင့်တက်ကြလိမ့်မယ်"
သျှားရင့် ပြောသလို ဖြစ်ဖို့ Isaac အမျှော်လင့်ကြီး မျှော်လင့်ပါသည်။ ခွန်က သူ့အချစ်တွေကို သိတယ် ဆိုတာနဲ့တင် Isaac ပျော်လွန်း၍ ခြေထောက်နှင့်ကြမ်းပင် မထိတော့သည့်အလား စိတ်က မျှောလွှင့်နေ၏။