"သျှားရင့်က ဒီတစ်ခေါက် ဘာလို့ မလိုက်လာတာလဲ...သူ နေကောင်းရဲ့လား...ဒါမှမဟုတ် ငါ့ကို မတွေ့ချင်လို့များလား"
သူ Tokyo ရောက်ကတည်းက သျှားရင့်အကြောင်းတွေချည်းဆက်တိုက်မေးနေသော ဝမ်းကွဲညီမဖြစ်သူအား နဂို စကားများလွန်းသည့် လျှံသောတပင်လျှင် လက်မြှောက်ချင်လာသည်။
"မိုရီကို!"
မိုရီကိုသည် အမေ့ရဲ့ညီမ သူ့ဒေါ်လေးနှင့်ဂျပန်လူမျိုးဖခင်မှ မွေးသော ကပြားမလေး ဖြစ်သည်။ သူ့ထက် ၁ နှစ်ငယ်သော်လည်း သူငယ်ချင်းပေါင်း ပေါင်းတာမို့ ရွယ်တူလိုပင်။ မိုရီကိုက Street Racing တွေမှာ နာမည်ကြီးသည့် အပျော်တမ်း Driverမို့ သူနှင့်မိုရီကို ပေါင်းမိလျှင် ဒေါ်လေးတစ်ယောက် မျက်ခုံးလှုပ်နေတတ်သည်။
"သျှားရင့်က မအားလို့ မလိုက်လာတာ...နေကောင်းတယ်...နင့်ကိုလည်း သတိရတယ်လို့ ပြောပေးပါတဲ့...အိုခေလား"
"Awwnnn...သူက သိပ်ချိုသာတာပဲ"
သူ့သူငယ်ချင်းတွေ အကုန်လုံး ဂျပန်ကို လိုက်လည်ဖူးပေမဲ့ သူနှင့်အတူ အမြဲပါလာတတ်သည့် သျှားရင့်ကိုမှ မိုရီကိုက အကြွေကြီးကြွေနေတာ ဖြစ်သည်။
"သူ သဘောကျတဲ့လူ တွေ့နေပြီ ထင်တယ်"
"ဘာ!"
မိုရီကို ခံစားရပါစေတော့ဟု ရည်ရွယ်ခြင်း မဟုတ်ပေမဲ့ လျှံသောတ ကိုယ့်ညီမအကြောင်း ကိုယ်သိသိနဲ့ ပြောမိတာကို ခုတော့ နောင်တရနေပြီ။
"ငါ့မင်းသားလေးကို သူများ မ'သွားပြီ...အူးဝါး!"
ထမင်းစားရင်း ထအော်လိုက်၊ Game ဆော့ရင်း ထအော်လိုက်၊ ဘူတာရုံမှာ ထအော်လိုက်၊ မြို့ထဲ လျှောက်လည်နေရင်း မြို့လယ်ခေါင်မှာ အော်လိုက်နဲ့မိုရီကို့ကို သူလည်း မနိူင်တော့ပါ။
"နင် ငိုလို့ ဝပြီလား"
ရပ်ကွက်လမ်းထောင့်တွင် ထိုင်ပြီးကြေကွဲနေသည့် မိုရီကို့နံဘေးတွင် ရပ်နေရင်း သူ ငဲ့ကြည့်မေးလိုက်သည့်အခါ Eye Liner ဗရပွနဲ့မိုရီကိုက သူ့ကို မော့ကြည့်လာပြီး
"မောတယ်...တစ်ခုခု သွားသောက်ရအောင်" တဲ့။
လျှံသောတ အင်္ကျီအိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ပေးလိုက်တော့ မိုရီကိုက သူ့ရဲ့ Gucci ပုဝါနဲ့ နှပ်ညှစ်ပစ်လိုက်သည်။