"သျှားရင့်...အမေတို့ ပြန်ကြမလား"
"ခဏ...ခဏနေပါဦး"
"အပြန်ကျ မီးပူဇော်ဖို့ ဘုရားကိုလည်း ဝင်ရဦးမှာလေ"
"အခုမှ ၆နာရီပဲ ရှိပါသေးတယ်"
ဘွားယိမ်းတို့အိမ်မှာ လည်နေတာ ၁ နာရီကျော်နေပြီ ဖြစ်သော်လည်း
သူတွေ့ချင်တဲ့သူက ပြန်မလာသေးတော့ သျှားရင့် အိမ်ရှေ့သို့ ခဏခဏ မျှော်ကြည့်နေမိသည်။"မြေးဇမ်တို့ နောက်ကျလိုက်တာ"
"ဟော...လာပြီထင်တယ် ဘွား"
ခြံရှေ့မှ ကားသံကြားသည်နှင့် သျှားရင့်ထိုင်ရာမှ ထရပ်မိတော့ သူ့နံဘေးရှိ အမေက
"ဘယ်လိုတွေဖြစ်နေတာ" ဟုဆိုကာ
ဘွားယိမ်းကပါ သူ့ကို ပြုံးကြည့်လာမှ သျှားရင့်အိန္ဒြေဆည်ပြီး နေရာတွင် ပြန်ထိုင်လိုက်ရ၏။
"သီရိရေ...မော်တို့ရောက်ပြီဟေ့"
"လာပြီ အမေရေ"
အိမ်ပေါ်ကနေ သုတ်သုတ်ပျာပျာဖြင့် ဆင်းလာသည့် အန်တီသီရိတို့ ဇနီးမောင်နှံကလည်း သူတို့ သားကြီးကို မျှော်နေခဲ့ဟန်တူပါသည်။
"သားကြီးက လာမကြိုနဲ့ဆိုလို့သာ...အမေ့မှာ တွေ့ချင်လွန်းလို့ မျှော်နေတာ"
"ငါ့သားက မတွေ့တာကြာလို့ ပိုချော၊ ပိုခန့်လာပါလားကွ"
"မင်းရဲ့အစ်ကိုကို သွားကြိုပေးတာ ကျေးဇူးပဲ သားဇမ်ရေ"
"ရပါတယ်ဗျ"
အန်တီသီရိတို့နှင့်အတူ အိမ်ထဲသို့ လိုက်ဝင်လာသည့် အရုဏ်ဦးက သျှားရင့်ကို မြင်တော့ သူ့ပင်ကိုယ်မူအတိုင်း ပြုံးသည်ဆိုရုံလေး ပြုံးပြသည်။
"နေကောင်းကျန်းမာရဲ့လား ဘွား"
"ဘွား နေကောင်းပါတယ်ကွယ်"
ဘွားယိမ်းရဲ့မြေးကြီးက ဘွားယိမ်းရဲ့နံဘေးတွင် ရိုရိုကျိုးကျိုးဝင်ထိုင်ကာ ဧည့်သည်တွေဖြစ်သော သျှားရင့်တို့သားအမိကို ပြုံးပြလာ၏။
"မြေးကြီး...အန်တီအေးချမ်းကိုမှတ်မိတယ်ဟုတ်"
"မှတ်မိပါတယ်...အခုတော့ အမျိုးတွေတောင် ဖြစ်နေပြီမလား"