"ဇေရှိန်ဟန်"
သူ့အခန်းရှေ့မှ အမေ့ရဲ့ခေါ်သံကိုကြားတော့ ဇေရှိန်ဟန် အခန်းတံခါး ထဖွင့်လိုက်ရသည်။
"ညစာစားဖို့ သားစေးကို သွားခေါ်"
"ဟုတ်ကဲ့"
အမေက သူတို့နှစ်ယောက် စကားများလာကြတာကို သိပုံပေါ်ပေမယ့် ဘာမှတော့ မမေး။
"အမေ ဒီညနေ အာလူးထမင်းနယ်လုပ်တာမို့ နှစ်ယောက်စာပြင်ထားပေးမယ်...ရအောင်ခေါ်ခဲ့"
"ဟုတ်ကဲ့ပါ"
ဇေရှိန်ဟန် ဧည့်သည်အိမ်ဘက်သို့ သွားလိုက်တော့ အိမ်အောက်ထပ်ရှိ ဧည့်ခန်းတွင် စိုင်းစေးတို့ သူငယ်ချင်းတွေ စကား ထိုင်ပြောနေကြတာကို တွေ့ရ၏။
"စေး"
အိမ်တံခါးဝကနေ သူ တစ်ခါခေါ်ရုံဖြင့် နေရာမှထလာသည့် စိုင်းစေးကို Johnတို့က မအံ့ဩတော့ပါဘူးဟူသည့် ပုံဖြင့် ကြည့်နေကြပေမယ့် စိုင်းစေးကတော့ သူ့ရှေ့ကို ခပ်တည်တည်ဖြင့် လာရပ်သည်။
"ညစာ သွားစားရအောင်"
"ကိုယ် တော်ပြီ"
"အမေက ငါတို့အတွက် ညစာ ပြင်ပေးနေတာ"
"အင်း...ဒါဆို လိုက်ခဲ့မယ်"
စိုင်းစေးနှင့်သူ အိမ်မကြီးဘက်သို့ လျှောက်လာသည့် လမ်းတစ်ဝက်တွင် သူ စိုင်းစေးရဲ့လက်တစ်ဖက်ကို ဖမ်းဆွဲလိုက်တော့ စိုင်းစေးက သူ့ဘက်ကို လှည့်ကြည့်သည်။
"ငါ သဝန်မတိုရဘူးလား စေး...ငါ့ရည်းစားကို ငါ သဝန်တိုမိတာ မှားလား"
"မင်း သဝန်တိုတာကို ကိုယ်နားလည်တယ် ရှိန်ဇေ...ကိုယ် ပြေပြေလည်လည်ရှင်းပြတာကို မင်းဘက်က ဒေါသနဲ့တုံ့ပြန်တဲ့စကားတွေကသာ ကိုယ့်ကို စိတ်မကောင်းဖြစ်စေတာ"
"အဲတော့ တုံ့ပြန်မှု မှားတာပေါ့...တောင်းပန်ပါတယ်...ပြေလည်ကြရအောင်"
"ကိုယ်လည်း မင်း သဝန်တိုရမယ့်ကိစ္စမျိုး ထပ်မဖြစ်အောင် ဆင်ခြင်ပါ့မယ်"
စိုင်းစေးက သူ့အနားတိုးလာတော့ ဇေရှိန်ဟန် သူ့ရည်းစားလေးကို ပခုံးဖက်ကာ ရှေ့သို့ ဆက်လျှောက်လိုက်၏။
![](https://img.wattpad.com/cover/291302378-288-k987404.jpg)