"မင်း ငါ့ကို အဲလိုပဲ ထိုင်ကြည့်နေမှာလား"
သူနှင့်အတူ စာလာလုပ်သည်ဟု ဆိုပြီး Isaac က စာလည်း ဟုတ်တိပက်တိ မလုပ်ဘဲ ဧည့်ခန်းစားပွဲခုံပေါ်တွင် မေးနှစ်ဖက်ထောက်လျက်ဖြင့်မျက်နှာချင်းဆိုင်ရှိ ခွန်ဦးကိုပဲ တစိမ့်စိမ့် ထိုင်ကြည့်နေလေသည်။
"စာအတူ လုပ်ချင်တယ်ဆိုတာက အကြောင်းပြချက်လေ ခွန်ကလည်း"
နေ့တိုင်း ကျောင်းကို အတူတူသွား၊ အတူတူပြန်ရုံသာမက တချို့ရက်တွေမှာဆို နေ့ခင်းဘက်တွေ တွေ့ကြသေးတာကို အားမရလို့ ဒီလို ကျောင်းပိတ်ရက်တွေမှာလည်း Isaac ဟာ သူ့အနားပဲ လိုက်ကပ်နေတာ ဖြစ်သည်။
"စာမေးပွဲက တစ်လပဲ လိုတယ် Iaaac"
"ဟုတ်ကဲ့ပါ" ဆိုပြီး ခွန်ဦးရဲ့ရေးစာအုပ်တွေကို လှန်ကြည့်နေပြန်သည့် Isaac က ကိုယ့်စာကိုယ်တော့ စိတ်မဝင်စား။
"ခွန် ပုစ္ဆာတွေ တွက်ထားတာ သပ်ရပ်နေတာပဲ...လက်ရေးကလည်း သိပ်လှတယ်...ဒါမျိုးက ပြတိုက်မှာတောင် ထားသင့်"
"အပိုတွေ မပြောနဲ့"
ခွန်ဦး လက်ထဲက ဘောပန်ဖြင့် Isaac ရဲ့ နဖူးကို သာသာလေး တောက်လိုက်မိပေမယ့် Isaac က မူပိုစွာပင်
"အ...နာသွားပြီ...အာဘွားလုပ်ပေး"
ဟု ဆိုလာသည်။Isaacရဲ့ ချစ်စရာကောင်းသည့် အပြုအမူကြောင့် ခွန်ဦး အသည်းယားရသော်လည်း သူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ Isaac ကို သူ့နံဘေးတွင် လာထိုင်ဖို့ ခေါ်လိုက်၏။
"ဒီကိုလာ"
Isaacက သူ့နံဘေးတွင် တင်ပလင်ခွေ ထိုင်ချလာတော့ ခွန်ဦးလည်း Isaac နှင့်မျက်နှာချင်းဆိုင်လိုက်ပြီး Isaacရဲ့ နဖူးရှေ့က ဆံစတစ်ချို့ကို လက်တစ်ဖက်ဖြင့် ညင်ညင်သာသာ သပ်တင်လိုက်သည်။
ထိုစဥ်...သူ အာဘွားပေးတော့မည် အထင်ဖြင့် မျက်လုံးတွေ မှိတ်ချလိုက်သော Isaacကို ကြည့်ပြီး ခွန်ဦး ပြုံးရပြန်၏။ သူ ဘောပန်နဲ့တောက်လိုက်လို့ အနည်းငယ် ရဲသွားသည့် နေရာလေးကိုပဲ လေနဲ့ဟူးကနဲ မှုတ်ပေးလိုက်တော့ Isaac က လိုချင်တာ မရသည့် ကလေးလို မျက်မှောင်ကြုတ်ပါသည်။