"ကိုငယ်"အခန်းပြင်မှ အငဲရဲ့ခေါ်သံကို ကြားသည့်အခါ ဇေရှိန်ဟန် မျက်လုံးတွေ ပွင့်လာသည်။
"ကိုငယ်"
"လာပြီ အငဲ"
သူ အိပ်ရာထပြီး အခန်းတံခါး သွားဖွင့်လိုက်တော့ အငဲက လက်ထဲတွင် ဖန်ခွက်တစ်ခု ကိုင်လျက် သူ့အခန်းရှေ့တွင် ရပ်နေ၏။
"ကိုငယ် အရက်နာကျနေတာဖြစ်မယ်ဆိုပြီး မေမေက ပျားလီမွန်ရည်ပို့ခိုင်းလိုက်လို့"
"အင်း...ဘယ်နှနာရီ ထိုးသွားပြီလဲ"
"၈နာရီခွဲ"
"ကိုငယ် ခဏနေ အောက်ဆင်းခဲ့မယ်"
အငဲ လာပို့သည့် ပျားလီမွန်ခွက်ကို ဇေရှိန်ဟန် ယူထားလိုက်ပြီး အခန်းထဲ ပြန်ဝင်ခဲ့သည်။
သူ မနေ့ညက သောက်တာ များသွားလို့ စိုင်းစေး သူ့ကို အခန်းထဲ ပြန်လိုက်ပို့တာကို ရေးတေးတေး မှတ်မိသလို
Johnနှင့်သူ ခေါင်ရည်ပြိုင်သောက်တာကိုလည်း မှတ်မိပေမယ့် ဘယ်သူနိုင်သွားမှန်းတော့ မသိ။ပျားလီမွန် တစ်ခွက်သောက်ပြီး ခေါင်းနည်းနည်း ကြည်လာမှ သူ အိမ်အောက်ထပ်သို့ ဆင်းသွားတော့ ဧည့်ခန်းထဲမှာ အမေက အငဲ ဖုန်းထဲကနေ ပြသည့် videoတစ်ခုကို ကြည့်ပြီး ရယ်နေတာကို တွေ့ရသည်။
အငဲက ရယ်စရာ video တစ်ခုခု တွေ့တိုင်း အမေ့ကိုအရင် ပြေးပြနေကျမို့ အခုလည်း ဇေရှိန်ဟန် ဘာသိဘာသာဖြင့် အိမ်နောက်ဖေးသို့ ထွက်လာခဲ့၏။
သူ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး အိမ်ထဲ ပြန်ဝင်သွားတော့ အမေက သူ့ကို မနက်စာ ပြင်ပေးရမလားဟု မေးသည်။
"ရတယ် အမေ...ကျွန်တော့်ဘာသာ ခူးစားလိုက်မယ်"
"အေး...မင်းနဲ့Johnပဲ ကျန်တာ...အတူတူစားရအောင် သွားခေါ်လိုက်ဦး"
"ဟာ မခေါ်ချင်ပါဘူး အမေကလည်း"
"မင်္ဂလာပါ အန်တီ"
ထိုစဥ် အိမ်ထဲသို့ ဝင်လာသည့် Johnက သူ့ကိုမြင်တာနဲ့ ချက်ချင်း မျက်နှာလွှဲသွား၏။ ပုံမှန်ဆိုလည်း သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်လို့ အဆင်မပြေကြပေမယ့် အခုက တမင်ကို ရှောင်နေသလိုမို့