သူ အိမ်နဲ့ တစ်ခါမျှ မခွဲဖူးပါ။
ဆယ်တန်းတုန်းက သူငယ်ချင်း တချို့ ဘော်ဒါဆောင် နေကြပေမဲ့ သူကတော့ မိသားစုနဲ့ မဝေးချင်၍ အိမ်ကနေပဲ တက်ခဲ့သည်။
သူ လက်ရှိ နေနေသည့် အခန်းလေးကို ဝေ့ကြည့်မိတော့ အိမ်မှာလို နွေးထွေးမှုမျိုး မရ။
ပုံမှန်ဆို အဆောင်ကျောင်းသားတွေက နှစ်ယောက်တစ်ခန်း နေကြခြင်းဖြစ်သော်လည်း
သူ့ကိုတော့ တစ်ယောက်ခန်းပေးထား၏။၁၅ ပေ ပါတ်လည် အခန်းက အိမ်က သူ့အခန်းနှင့်စာရင် ကျဥ်းပေမယ့် အဆောင်ကျောင်းသားတစ်ယောက်အတွက်မူ အတော်လေး အဆင်ပြေသည်ဟု ဆိုရမည်။
တစ်ယောက်အိပ် ခုတင် နှင့် အဝတ်ဗီရို တစ်လုံးအပြင် ဖိနပ်စင် နှင့် စာကြည့်စားပွဲရှိသည်။ အိပ်ရာက ပြတင်းနှင့်ကပ်လျက်မို့
ဘောင်ပေါ်တွင် အိမ်ကနေ သူသယ်လာသည့်
ရှားစောင်း တစ်အိုးရယ် ဇီဇဝါ ပန်းတစ်အိုးရယ်ကို တင်ထား၏။မေမေ ကိုယ်တိုင် လဲတပ်ပေးခဲ့သော အစိမ်းဖျော့ရောင် လှိုက်ကာတွေက မွေ့ရာနှင့် အရောင်ဆင်တူမို့ အခန်းအပြင်အဆင်မှာ မျက်စိအေးနေပါသည်။
သူ Cardigan ကို ချွတ်ကာ ဗီရိုထဲရှိ ချိတ်တစ်ခုမှာ ချိတ်လိုက်ပြီး ခြေအိတ်တွေကို လျှော်ရမည့် အဝတ်ခြင်းထဲ ထည့်လိုက်၏။
ထို့နောက် အိပ်ရာမဝင်ခင် သူလုပ်လေ့ရှိသော တရားထိုင်ခြင်းကိုတော့ ဆယ်မိနစ်ခန့်သာ အချိန်ပေးနိုင်လိုက်သည်။
အိမ်မှာဆို ညတိုင်း နာရီဝက် ထိုင်သော်လည်း ဒီနေ့ စိတ်ရော လူပါ ပင်ပန်းနေ၍ ဖြစ်မည်။
မနက်ဖြန် စတင်တော့မည့် တက္ကသိုလ်ကျောင်းသားဘဝမှာ သူ ဘာတွေ ကြုံတွေ့ရမလဲဆိုတာကိုလည်း တွေးပူနေမိသေး၏။
သူ့ပုံစံက အပျံသင်ကာစ ငှက်ကလေးလိုများ ဖြစ်နေလိမ့်မလား။
အမှန်အတိုင်းဆိုရလျှင် အခုမှ မိဘရင်ခွင်ထဲကခုန်ထွက်လာတဲ့ သူ့အတွက် အရာရာက စိန်ခေါ်မှုတွေလို။
တစ်ဆွေ တစ်မျိုးလုံးရဲ့ အလိုလိုက်ခြင်းကို ခံရသည့် သူက လောကကြီးအကြောင်း သိပ်နားမလည်သေး။
![](https://img.wattpad.com/cover/291302378-288-k987404.jpg)