Chapter - 351"စိတ်နှင့်ကိုယ်မကပ်ခြင်း"

Start from the beginning
                                    

ဂျိချန်းဖန်သည် ဓားကြီးအား ဝေ့ယမ်းရင်း မြန်သထက်မြန်အောင် ပျံသန်းလျက် ရှိသည်။ အနက်ရောင်ဝတ်လူအား သေချာပေါက်ပင် အမီလိုက်နိုင်မည်ဟုလည်း စိတ်ထဲတွင် တထစ်ချ ယုံကြည်နေမိသည်။

အလွန်အစွမ်းထက်သော အနက်ရောင်ဝတ်လူအား ယှဉ်ပြိုင်မတိုက်ခဲ့နိုင်ပါကလည်း များမကြာမီအချိန်တွင် သူ၏ အဖွဲ့သားများ ရောက်ရှိလာနိုင်မည်ဟု ယုံကြည်ထားမိသည်။ ထိုအခါ သူ၏ လူများဖြင့် စုပေါင်းတိုက်ခိုက်နိုင်မည်ဖြစ်ပြီး သေချာပေါက်ပင် အနိုင်ယူနိုင်လိမ့်မည်ဟုလည်း တွေးနေမိသည်။

ဂျိချန်းဖန်သည် စိတ်ထဲတွင် ထိုသို့ ကြံရွယ်ထားသည့်တိုင် အနက်ရောင်ဝတ်လူမှာလည်း ဂျိချန်းဖန်၏ အကြံအစည်အား အထမြောက်စေလိမ့်မည် မဟုတ်ပေ။

အနက်ရောင်ဝတ်လူသည် ဂျိချန်းဖန် သူ၏ နောက်မှ လိုက်လာနိုင်သည်ကို မြင်သောအခါ အနည်းငယ် တုန်လှုပ်သွားမိသည်။ တုန်လှုပ်သည် ဆိုသည်ထက် အနည်းငယ် အံ့သြသွားခြင်းပင်။ ထို့ကြောင့် ချက်ချင်းပင် သူ၏ အမြန်နှုန်းအား မြင့်လိုက်သည်။

လေးညှို့မှ အရှိန်ဖြင့် ပစ်လွှတ်လိုက်သည့် မြားတစ်စင်းကဲ့သို့ပင် ပို၍ မြန်ဆန်သော အရှိန်မျိုးဖြင့် ပျံသန်းလိုက်ခြင်း ဖြစ်သည်။ ထိုသို့ ပျံသန်း ပြေးလွှားနေရင်းမှ -

“ဂျိချန်းဖန် . . . မင်းနဲ့ မင်းတို့ နေရောင်ဂိုဏ်းက ခွေးကောင်တွေ ဒီလုပ်ရပ်အတွက် နောင်တရ စေရမယ်။ ငါပြောပြီးပြီ ငါက အနန္တသူတော်စင် မဟုတ်ဘူးကွ။ မင်းကတော့ လူမှားနေပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ့်လုပ်ရပ်အတွက် ကိုယ်ခံရမယ်မှတ် . .”

ယခုအချိန်ထိ အနက်ရောင်ဝတ်လူသည် အနန္တသူတော်စင် မဟုတ်ကြောင်း ငြင်းဆန်နေတုန်းပင် ဖြစ်လေသည်။

ထို့အပြင် ခြိမ်းခြောက်မှုပါ ပြုလိုက်ပြန်၏။

ဂျိချန်းဖန်လည်း ဒေါသထွက်လွန်းသဖြင့် အသားများပင် တဆတ်ဆတ် တုန်ခါလျက် ရှိသည်။

အနက်ရောင်ဝတ်လူသည် အရှိန်မြင့်၍ ပျံသန်းလိုက်သဖြင့် မနည်းအမီလိုက်နေရကာ စကားပင် ပြန်မပြောနိုင်ချေ။ သူ၏ စွမ်းအင်များ အကုန်အစင် စုစည်း၍ ဓားသို့ ပို့လွှတ်ကာ အရှိန်မြန်စေရန်သာ ကြိုးစားလျက် ရှိနေခဲ့သည်။ အကယ်၍ စကားပြောရန် ပါးစပ်ဟလိုက်မည် ဆိုပါက ချီဓာတ်များ အနည်းငယ် ဆုံးရှုံးသွားပေမည်။ ထိုအခါ အနက်ရောင်ဝတ်လူအား မည်သို့မျှ လိုက်မီနိုင်တော့မည် မဟုတ်ချေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now