Chapter (434)"အံ့မခန်းအမြန်နှုန်း"

217 19 0
                                    

Chapter (434)

“အံ့မခန်းအမြန်နှုန်း”

ပိုင်အာ၏ လက်ထဲရှိ ဓားသည်လည်း သာမန်ဓား မဟုတ်ချေ။ ရဲရှောင် လုပ်ပေးထားသည့် ရေခဲဝိညာဉ်ဓားပင် ဖြစ်သည်။

ရဲရှောင် အလုပ်များနေသဖြင့် ထိုဓားအား သေသေချာချာ အချိန်ပေး၍ မလုပ်လိုက်ရချေ။ သို့သော် ရေခဲဝိညာဉ်ဓာတ်ကို ထည့်သွင်းထားသည့်အပြင် လှပလှသဖြင့် ဓားကောင်းတစ်လက် ဖြစ်ပေသည်။

ပုံစံအားဖြင့် လှပသည်သာမက အရည်အသွေးမှာလည်း ကောင်းလှသည်။

ပိုင်အာကိုယ်တိုင်သည်လည်း ထိုဓားအား မြင်မြင်ချင်းပင် သဘောကျခဲ့သည်။ ရဲရှောင်ဆီမှ ဓားအား ယူချိန်တွင် သူမ၏ မျက်ဝန်းများထဲတွင် မျက်ရည်များပင် ဝဲသွားသည်။ ထိုနောက်ပိုင်းမှစ၍ ပိုင်အာသည် အချိန်တိုင်းလိုလို ဓားနှင့်မခွဲမခွာ ရှိနေပါတော့သည်။

တစ်ခါတစ်ရံတွင် သူမ၏ လက်ကောက်ဝတ်အား ဝေ့ကာဝိုက်ကာဖြင့် ဓားသမားစစ်စစ် တစ်ဦးကဲ့သို့ ကစားနေတတ်သည်ကို ရဲရှောင် ချီးကျူးနေမိသည်။

နောက်ဆုံးတွင် ပိုင်အာသည် လေ့ကျင့်၍ ပြီးသွားသဖြင့် ရပ်နားလိုက်သည်။ သူမ၏ မျက်နှာတစ်ခုလုံးသည်လည်း နီရဲလျက် ချွေးများ စို့နေလျက် ရှိသည်။ ထို့နောက် တံခါးဝရှိ ရဲရှောင်အား လှမ်းမြင်သွားသည်။

ထိုအခါ ပိုင်အာသည် ကလေးတစ်ယောက်ကဲ့သို့ ချက်ချင်းပင် ပျော်ရွှင်သွားပြီး ရဲရှောင်အား ပြေးဖက်လိုက်လေသည်။ ပိုင်အာ၏ ကိုယ်မှ ချွေးတို့သည်လည်း ရဲရှောင်၏ အဝတ်အစားများပေါ် စိုသွားပါတော့သည်။

ရဲရှောင်လည်း ပိုင်အာ၏ နဖူးလေးအား ပုတ်လိုက်ရင်း -

“ကောင်မလေး . . . ဘာလို့ ဒီလောက်ထိ ရုတ်တရက်ကြီး ဝီရိယကောင်းနေရတာလဲ . . .”

“ကျွန်မ ဘယ်တုန်းကများ ဝီရိယ မကောင်းဘဲ နေဖူးလို့လဲ ဟမ့် . . .”

ပိုင်အာ သူမ၏ နှုတ်ခမ်းလေးအား စူ၍ ပြောလိုက်သည်။ မကျေမနပ်လည်း ဖြစ်နေသည့်ပုံပင်။ သို့သော် ရဲရှောင်အား ဝမ်းသာအားရစွာဖြင့် -

“ကျွန်မတော့ တော်တော်ကြီး တိုးတက်လာပြီထင်တယ် . . .”

ရဲရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။ ပိုင်အာ ကြွားနေသည်ဟုလည်း မထင်မိချေ။ အဘယ့်ကြောင့်ဆိုသော် ပိုင်အာအနေဖြင့် ရက်ပိုင်းအတွင်း များစွာ တိုးတက်လာခဲ့သောကြောင့် ဖြစ်သည်။ သူနှင့် မတွေ့ရသည်မှာ ၂ ရက်သာ ရှိသေးသော်လည်း အံ့မခန်း တိုးတက်လာခဲ့သည်။ ပိုင်အာ၏ ဓားရေးအား ကြည့်ခြင်းအားဖြင့် တိုးတက်ကြောင်း ကောင်းစွာ သိနိုင်သော်လည်း မည်သည့်အဆင့်ထိ ရောက်နေသည် ဆိုသည်ကိုမူ ချက်ချင်း မဆုံးဖြတ်နိုင်ချေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now