Chapter (433)"ထိပ်တန်းပညာရှင်များအား ပျိုးထောင်ပေးခြင်း"

221 18 0
                                    

Chapter (433)

“ထိပ်တန်းပညာရှင်များအား ပျိုးထောင်ပေးခြင်း”

ရဲရှောင် ပြုံးလိုက်ရင်း -

“ကျုပ်က ခင်ဗျားတင်နေတဲ့ ကျေးဇူးကြွေးကို ပြန်ဆပ်ဖို့အတွက် အခွင့်အရေး ပေးနေတာပါ။ ခင်ဗျားသာ ဒီထက်ပိုတိုးတက်လာမယ်ဆိုရင် ကျုပ်အတွက် ပိုပြီး လုပ်ကိုင်ပေးနိုင်တော့မှာလေ။ ဒါဆို ကျုပ်ကို ကျေးဇူးဆပ်တာနဲ့ အတူတူပဲပေါ့။ ခင်ဗျား ဒီလို မတွေးမိဘူး မဟုတ်လား။ ခင်ဗျားသာ ဒီထက်ပို လုပ်နိုင်ကိုင်နိုင်စွမ်းရှိရင် အခုလို အန္တရာယ်တွေ ဝိုင်းနေချိန် ကျုပ်ဘေးနား အတူတူ လိုက်သေမယ့်အစား ပိုပြီး လုပ်ပေးကိုင်ပေးနိုင်မှာ မဟုတ်လား။ ခင်ဗျား ကျုပ်အပေါ် တင်နေတဲ့ အကြွေးတွေကို ဘယ်တော့မှ ဆပ်နိုင်မှာ မဟုတ်ဘူး။ ဒါဆို ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်လေ။ အဲဒါဆို ကျုပ်ကို ပိုပြီး ကူညီနိုင်ပြီ။ ခင်ဗျားပဲ ပြောခဲ့တယ် မဟုတ်လား ‘ဘဝက တိုတောင်းပေမဲ့ အနာဂတ်က အဆုံးမရှိဘူး’ ဆို၊ ခင်ဗျား အသက်ရှင်နေသမျှ တစ်နေ့နေ့မှာ ကျုပ်အပေါ် တင်နေတဲ့ အကြွေးတွေ အကုန်လုံး ဆပ်နိုင်မှာပါ”

နင်ဘီလျူ မည်သည့်စကားမျှ မဆိုဘဲ နှုတ်ဆိတ်နေမိသည်။ တခဏမျှ စဉ်းစားလိုက်ပြီးနောက် ခြောက်ကပ်သော အသံဖြင့် -

“ခင်ဗျားပြောတာ မှန်ပါတယ် . . .”

ထို့နောက် ရှေ့သို့ တိုးလာပြီးနောက် စာအုပ်အား လှမ်းယူလိုက်ကာ -

“တစ်နေ့မှာ ခင်ဗျားအပေါ် တင်နေတဲ့ အကြွေးတွေ ပြန်ဆပ်နိုင်မယ်လို့ ကျုပ်မျှော်လင့်ပါတယ် . . .”

ရဲရှောင် သက်ပြင်းတစ်ချက် ချလိုက်ရင်း -

“နင် . . . ခင်ဗျားက အတိတ်က အဖြစ်အပျက်တွေနဲ့ ပတ်သက်ရင် သိပ်ခံစားလွယ်တာပဲ။ ခင်ဗျား ခံစားချက်၊ ခင်ဗျားအတွေးကို ကျုပ်နားလည်ပါတယ်။ ဒါပေမယ့် ခင်ဗျားက ကျုပ်စိတ်ကို မသိသေးဘူး။ ကျုပ်သာ ကျုပ်အတွက် အလုပ်လုပ်ပေးမယ့် လူတွေ လိုချင်ရင် ငွေကုန်ကြေးကျ အများကြီး ကျခံပြီး ထိပ်တန်းပညာရှင်တွေ ငှားလို့ ရတာပဲ။ ငွေမမက်တဲ့ တချို့လူတွေ ရှိကောင်းရှိနိုင်ပေမယ့် အခုလို ကျုပ်ပေးမယ့် ကျင့်စဉ်မျိုးတွေကို သူတို့ ငြင်းပယ်နိုင်မယ် ထင်လား။ တကယ်တော့ ကျုပ်ခင်ဗျားအပေါ် ဘာမှ တောင်းဆိုမှာ မဟုတ်ပါဘူး။ ကျုပ်က ခင်ဗျားကို လေးစားပြီးသားပါ။ ကျုပ်ရဲ့ မိတ်ဆွေ တစ်ယောက်လိုပဲ မြင်တယ်။ ခင်ဗျားဆီက ဘာမှ ပြန်မလိုချင်ဘူး။ ရှင်းရှင်းလေးပါပဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now