Chapter - 360"ခင်ဗျားဘယ်သူလဲ"

215 18 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 360

“ခင်ဗျားဘယ်သူလဲ”

လောင်ရှန်ယွန်အား မျိုးနွယ်စုကြီး ၈ စုထဲတွင် ဉာဏ်အမျှော်အမြင် အရှိဆုံးလူဟု သတ်မှတ်ထားသည်မှာလည်း မမှားပေ။ စက္ကန့်အနည်းငယ် အတွင်းမှာပင် အကြောင်းအရာများစွာအား ဆက်စပ်၍ တွေးတောနိုင်စွမ်း ရှိလေသည်။ အလွန်ပါရမီရှိလှသည့် လူတစ်ဦးပင်။ အခြားသော လူများသာဆိုလျှင် ဒေါသအလျောက် ပြုမူမိကြမည်မှာ အသေအချာပင် ဖြစ်သည်။ လောင်ရှန်ယွန်မှ လက်ပြတားဆီးလိုက်သဖြင့် ကျန်သောလူများ အားလုံးသည် ရပ်တန့်လိုက်ကြပြီး ဝတ်ရုံနက်နှင့်လူအား မမှိတ်မသုန် စိုက်ကြည့်လျက် ရှိနေကြသည်။

ထိုလူ၏ မျက်လုံးများသည် မိမိကိုယ်ကို အလွန်ယုံကြည်ချက် ရှိနေသည့်ပုံပင်။

ထိုမျှသာမက ဝတ်ရုံနက်နှင့်လူ၏ အမြင်တွင် ရှိနေသော လူများအား ကြက်ကလေး ငှက်ကလေးများကဲ့သို့ အလွယ်တကူ အနိုင်ယူ သတ်ဖြတ်နိုင်သည်ဟုလည်း ခံယူထားသည့်ပုံ ပေါ်လွင်လျက် ရှိသည်။

ထိုလူထံမှ အကူအညီ တစ်ခုခု တောင်းဆိုရန်မှာလည်း လွယ်ကူမည် မဟုတ်ဘဲ ထိုက်တန်သည့် တန်ဖိုး ပေးမှသာ ကူညီနိုင်ကောင်း ကူညီနိုင်ပေလိမ့်မည်။ လောင်ရှန်ယွန်၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ရှုပ်ယှက်ခတ်လျက် ရှိနေသည်။

“ခင်ဗျားက မျက်နှာကို အုပ်ထားပြီး အသံကိုလည်း မသိအောင် တမင် အက်ကွဲကွဲ လုပ်ပြောနေတယ်။ ကြည့်ရတာ ခင်ဗျားက ကျုပ်တို့နဲ့ ရင်းနှီးနေတဲ့ လူတစ်ယောက်တော့ ဖြစ်မှာပဲ . . .”

လောင်ရှန်ယွန် ခပ်ပြုံးပြုံး ပြောလိုက်သည်။ ထို့နောက် အနီးဆုံး ထိုင်ခုံတစ်ခုအား ညွှန်ပြရင်း -

“ကျုပ်တို့နဲ့ ရင်းနှီးတဲ့ ဧည့်သည်တစ်ယောက်ကို ကောင်းကောင်း ဧည့်ခံရမှာပေါ့။ လာပါ အေးဆေး ထိုင်ပါ . . .”

ပြောနေရင်းဖြင့် စိတ်ထဲတွင်လည်း တွေးနေမိသည်။

(သူက ဘယ်သူပါလိမ့် . . . ဂိုဏ်းကြီး ၂ ခုကတော့ မဖြစ်နိုင်ဘူး ထင်တယ်။ သူသာ ဂိုဏ်းကြီး ၂ ခုထဲကသာဆို မျက်နှာဖုံးတောင် တပ်လာမှာ မဟုတ်ဘူး။ ဘယ်သူ ဖြစ်နိုင်မလဲ . . . သူက ငါတို့ရှေ့ကိုလည်း ထွက်လာသေးတယ်။ သူ့မျက်နှာကိုလည်း မပြဘူး။ တော်တော် ခန့်မှန်းရ ခက်တာပဲ)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now