Chapter - 220 "ကောင်းကင်အပြစ်ဒဏ်"

297 23 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 220

“ကောင်းကင်အပြစ်ဒဏ်”

တိမ်စိုင်များကြားမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။

“အ . . .”

မမျှော်လင့်သော အခြေအနေတစ်ခုကြောင့်သာ ထိုကဲ့သို့သော အသံမျိုး ထွက်ပေါ်လာရခြင်း ဖြစ်နိုင်ပေသည်။ တိမ်စိုင်များကြားတွင် ရှိနေသော လူသည်လည်း အသင့်ပြင်ဆင်ထားခြင်း မရှိသဖြင့် ဘာမှ မလုပ်လိုက်နိုင်သည့် ပုံပင်။

အသံသည် အပြင်းအထန် ခံစားလိုက်ရ၍ အော်ဟစ်လိုက်သည့် အသံမျိုး ဖြစ်ပြီး စူးစူးရှရှဖြင့်ပင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

"ဝုန္​း"

တိမ်မည်းများသည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး မြူခိုးများသည်လည်း နေရာအနှံ့သို့ လွင့်ပျံကုန်ကြသည်။ မြူခိုးများ လွင့်ပျံသွားပုံသည် မြန်ဆန်လွန်းလှသောကြောင့် မြားအစင်းပေါင်းများစွာအား အရပ်မျက်နှာ အသီးသီးသို့ ပစ်လွှတ်လိုက်သည်နှင့်ပင် တူနေပါတော့သည်။

ကနဦးတွင် စူးစူးရှရှဖြင့် အော်လိုက်သည့် အသံပိုင်ရှင် ရှိနေခဲ့သည့် အဆောင်မှာလည်း လေပေါ်သို့ မြောက်တက်၍ ပေါက်ကွဲ ထွက်သွားလေသည်။

စူးစူးဝါးဝါး အော်သံနှင့်အတူ သွေးများ ပန်းထွက်သွားခဲ့ပြီး ထိုသွေးများသည် အနီးရှိ ကျောက်တုံးအား ထိမှန်သွားသောအခါ ချက်ချင်းပင် အနီရောင် အပေါက်ကြီး ဖြစ်ပေါ်သွားခဲ့သည်။

ခဏအကြာတွင် သွယ်လျသော ခန္ဓာကိုယ်ရှိသည့် ပုံရိပ်တစ်ခုသည် လျှပ်စီးကဲ့သို့ပင် လျင်မြန်စွာဖြင့် ပြေးထွက်လာသည်။

ထိုပုံရိပ်သည် ကောင်းကင်ထက်သို့ ပျံတက်သွားရင်း မကျေမချမ်း လေသံဖြင့် -

“ငါတို့ရဲ့ တိမ်မြူခိုးနန်းတော်ကို နတ်ဘုရားတွေက ပြိုကွဲစေချင်နေတာလား . . .”

ထိုကဲ့သို့ အော်ဟစ်လိုက်ပြီးနောက် သူ၏ လက်အား ဝေ့ယမ်းလိုက်သည်။ ထိုအခါ ထိုလူ၏ ပတ် ပတ်လည်တွင်ရှိသော လေထုသည် တုန်ခါသွားပြီး လှိုင်းများ ထသွားခဲ့သည်။ ထိုလှိုင်းများသည် အနီးနားရှိ တောင်များအား ရိုက်ခတ်သွားသောအခါ တောင်များသည် ချက်ချင်းလက်ငင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now