Chapter (407)"ကောင်ကင်အဆင့်တစ်ပညာရှင်လော"

294 17 0
                                    

Chapter (407)
“ကောင်ကင်အဆင့်တစ်ပညာရှင်လော”

ဂျိမိန်ဇန် သူ့လူ ၅ ယောက်၏ အလောင်းကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်သည်။ သို့သော် သူ၏ မျက်နှာထားမှာမူ မပြောင်းလဲဘဲ အေးစက်စက်သာ ဖြစ်နေလေသည်။
သူ၏ဘေးနားရှိ အဘိုးကြီး ၂ ဦးလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ရင်း ခေါင်းညိတ်ကာ -
“တစ်ချက်တည်းနဲ့ လူ ၅ ယောက် . . . ကောင်းကင်အဆင့် ၁ ပဲ . . .”
ဂျိမိန်ဇန် မျက်မှောင်ကြုတ်သွားသည်။
“သေချာတယ် . . .”
အဘိုးကြီး ၂ ဦးလည်း သေချာဟန်ဖြင့် ထပ်ပြောလိုက်ပြန်သည်။
ဂျိမိန်ဇန် စိတ်သက်သာရာ ရသွား၏။ ထိုအဘိုးကြီး ၂ ဦးအား ငွေကုန်ကြေးကျ များစွာခံကာ ခေါ်ယူထားခဲ့ခြင်း ဖြစ်သည်။ ၂ ယောက်လုံးသည် ကောင်းကင်အဆင့် ၈ ပညာရှင်များ ဖြစ်ကြပြီး အမြင်စူးရှကြသူများ ဖြစ်ကာ တစ်ဖက်လူ၏ အဆင့်အတန်းကို ခန့်မှန်းသည့် နေရာတွင် ထူးချွန်ကြ၏။ သူတို့သည် ဖန်ဇီလင်အား ကောင်းကင်အဆင့် ၁ ဖြစ်ကြောင်း အခိုင်အမာ သိရှိသွားကြလေသည်။
ရဲရှောင်သည် ရန်သူများ ဝိုင်းထားသည့် အလယ်တွင် ရပ်နေတုန်းပင် ဖြစ်သည်။ သူ၏ ပုံစံသည် စိတ်အေးလက်အေး ရှိနေဟန် ရှိသော်လည်း စိတ်ထဲတွင်မူ ဒေါသမီးများ တောက်လောင်လျက် ရှိ၏။ သတ်ဖြတ်လိုသော အငွေ့အသက်များလည်း ပြင်းပြစွာ ထွက်ပေါ်လျက် ရှိ၏။
ထို့အတူ အံ့ဩစိတ်လည်း အနည်းငယ် ဖြစ်နေမိသည်။
ရန်သူများကို သတ်ဖြတ်ခဲ့ပြီးနောက်ထိ သူမျှော်လင့်ထားသလို ဖြစ်လာခဲ့သည်။
သို့သော် သူသည် ပေါ့ပါး၍ သွက်နေသလို ခံစားနေရ၏။
ယခင် ထိုကဲ့သို့ ခံစားချက်မျိုး မဖြစ်ဖူးပေ။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ထိုခံစားချက်မျိုး ခံစားနေရပါသနည်း . . .
ကောင်းကင်ကံကြမ္မာလက်ဖက်ရည်ကြမ်း ကြောင့်ပင် ဖြစ်ပေလိမ့်မည်။
ထိုလက်ဖက်ရည်ကြမ်းသည် သူ့အား ကြီးကြီးမားမား အကျိုးထူးသွားစေခြင်း မရှိလောက်ဟု စိတ်ထဲ ထင်ခဲ့မိသော်လည်း ယခုအခါတွင်မူ များစွာ အကျိုးထူးနေလေသည်။
အနည်းငယ်သော ခံစားချက်မျိုး ဖြစ်ပေါ်နေသည့်တိုင် ရဲရှောင်၏ ပေါ့ပါးသွက်လက်မှု၊ အာရုံခံနိုင်စွမ်းတို့မှာ များစွာ တိုးတက်လာခဲ့သည်။
ထိုသို့ တိုးတက်လာမှုကို သတိမပြုမိစရာ မရှိချေ။
ထို့ကြောင့်ပင် စိတ်ထဲ ပျော်ရွှင်သွားမိလေသည်။ သို့သော် ဒေါသလည်း ထွက်နေမိ၏။ သူသည် လက်ဖက်ရည်ကြမ်း အမြောက်အမြား သောက်ခဲ့သည့်တိုင် အများစုမှာ ဥ၏စုပ်ယူခြင်းကို ခံခဲ့ရသည် မဟုတ်ပါလား။ သူစုပ်ယူနိုင်ခဲ့သည့် အနည်းငယ်သော ပမာဏဖြင့်ပင် ယခုလောက် တိုးတက်မှုမျိုး ဖြစ်ပေါ်စေသည်ဆိုလျှင် ယခုထက်သာ အနည်းငယ် ပိုစုပ်ယူမိလိုက်နိုင်ပါ ပို၍ တိုးတက်သွားစေမည် ဖြစ်သည်။
(တောက် . . . ရှိသမျှဟာ အကုန်စားသောက်ပြီး ငါ့အတွက်ကျ အရိုးလောက်ပဲ ချန်ထားတဲ့ စိတ်ရှုပ်စရာ ဥပါလား . . .)
ဥမှ ယခုထက်ပို၍ ချန်ထားလိုက်မည် ဆိုလျှင် သူချေဖျက်နိုင်တော့မည် မဟုတ်ကြောင်းကို သိနေသော်လည်း စိတ်ထဲ အလိုမကျ ဖြစ်နေမိတုန်းပင်။ သူရခဲ့သည့် ပမာဏကို လုံးဝ မကျေမနပ် ဖြစ်နေခြင်း ဖြစ်၏။
ထိုကဲ့သို့ စဉ်းစားမိရင်း တိုက်ချင်ခိုက်ချင်စိတ်များလည်း တဖွားဖွား ပေါ်လာလေသည်။ ယခင်ဘဝကဲ့သို့ အဆက်မပြတ် တိုက်ခိုက်မှုများ ပြုလုပ်ချင်လာသည်။
“ဖန်ဧကရာဇ်က တကယ်ကို အရည်အချင်း ရှိတာပဲ။ လေးစားစရာ ကောင်းလိုက်တာ . . .”
ဂျိမိန်ဇန် အေးစက်စက် ပြောလိုက်သည်။ သူသည် ချီးမွမ်းသလိုလိုနှင့် ခပ်ငေါ့ငေါ့ ပြောလိုက်ခြင်း ဖြစ်ပေသည်။
“ဒါပေမဲ့ ခင်ဗျားက ကောင်းကင်အဆင့် ၁ ထက် မပိုပါဘူး။ ဒီနေ့တော့ ဒီနေရာမှာ သေရတော့မယ်”
(ကောင်းကင်အဆင့် ၁ တဲ့လား . . .)
ရဲရှောင်သည် တစ်ဖက်ရန်သူများ၏ ခန့်မှန်းချက်ကြောင့် ကြောင်သွားသည်။ ထို့နောက် စိတ်ထဲတွင်လည်း နားလည်သွားမိ၏။ သူ၏ တိုက်ခိုက်ပုံကို ကြည့်၍ ခန့်မှန်းလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ မော်တယ်ကမ္ဘာတွင် မွေးဖွားလာကြသည့် ပညာရှင်များ အနေဖြင့် ရဲရှောင်သာ စွမ်းအင်များကို သိုဝှက်ထားမည် ဆိုလျှင် မည်သို့မျှ သိနိုင်လိမ့်မည် မဟုတ်ချေ။ သူ့ထက် အဆင့်မြင့်သော လူများသာ အကြမ်းအားဖြင့် ခန့်မှန်းနိုင်မည် ဖြစ်၏။
သို့သော်လည်း တကယ်တမ်းတွင် သူသည် ကောင်းကင်အဆင့် ၃ သို့ ရောက်ရှိပြီးဖြစ်ကာ အဆင့် ၄ သို့ပင် ရောက်ခါနီးနေပြီ ဖြစ်သည်။ မော်တယ်ကမ္ဘာလို နေရာတွင် သူ့ထက်အဆင့်မြင့်သည့် ပညာရှင်ဟူ၍ များများစားစား မရှိနိုင်ပါချေ။
သခင်ကြီးဘိုင်၊ ဝမ်အာ၊ ချူးအာ၊ ပိုင်ရှင်းယွဲ့နှင့် ရဲနန်ရှန်တို့ အားလုံးသည် တခြားသော နယ်ပယ်များ၊ ကမ္ဘာများမှ ဖြစ်ကြ၏။ ထိုလူများနှင့် နှိုင်းယှဉ်၍တော့ မရချေ။
ထို့ကြောင့် မော်တယ်ကမ္ဘာမှ လူများ အနေဖြင့် သူ၏ အဆင့်ကို သိနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူ၏ လှုပ်ရှားမှုကိုသာ ကြည့်၍ အကြမ်းဖျဉ်း ခန့်မှန်းနိုင်မည် ဖြစ်သည်။
တစ်ဖက်ရန်သူများမှ သူ့အား ကောင်းကင်အဆင့် ၁ ဟု ထင်နေသည်ကို ကြားလိုက်ရသောအခါ ရဲရှောင် ရယ်ချင်သွားမိသည်။
“ခင်ဗျားတို့က ကျုပ်ရဲ့ အဆင့်ကိုသိဖို့ လူ ၅ ယောက် စတေးခံလိုက်တယ်ပေါ့ . . .”
ရဲရှောင် ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
“ခင်ဗျားက တော်တော်ကို ရက်စက်တဲ့လူပဲ ဂျိမိန်ဇန် . . .”
ဂျိမိန်ဇန် မျက်နှာပျက်သွားသည်။ ထို့နောက် ကျယ်လောင်သော လေသံဖြင့် -
“ဝုဖိုင် . . .”
လူအုပ်ကြားမှ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် လူတစ်ဦး ပြေးထွက်လာသည်။ ထိုလူသည် လက်ပိုက်လျက် ရပ်နေပြီး ရဲရှောင်အား ထီမထင်သည့် အကြည့်မျိုးဖြင့် ကြည့်နေလေသည်။ ထိုလူသည် ရဲရှောင်အား ကောင်းကင်အဆင့် ၁ သာ ရှိသေးသည်ဟု ယူဆထားသဖြင့် အထင်သေးနေဟန်ပါပင်။
“သူ့ကို သတ်စမ်း . . .”
ဂျိမိန်ဇန် လက်ဝေ့ယမ်းရင်း အမိန့်ပေးလိုက်သည်။
“မြန်မြန်သတ်ပြီး ခေါင်းမြန်မြန်ဖြတ်ပစ်လိုက် . . . ငါတို့ ပြီးရင် အိမ်ပြန်ကြမယ်။ ဝမ်ဇန်းဟိုကတော့ မလိုဘူး။ ငါတို့တွေ အဓိက ဒီလူကို ရပြီဆိုတော့ ကျန်တာတွေကို တခြားလူတွေအတွက် ထားလိုက်ပါတော့၊ တစ်ကိုယ်ကောင်းဆန်တာ မကောင်းဘူးကွ . . .”
ဂျိမိန်ဇန် ခေါ်လိုက်သည့် လူ၏ အမည်မှာ ဝုဖိုင်ဟူ၍ ဖြစ်၏။ ဝုဖိုင်သည် ခေါင်းညိတ်လိုက်ရင်း ခါးတွင် ချိတ်ဆွဲထားသည့် ဓားရှည်အား ဆွဲထုတ်လိုက်သည်။
ရှည်လျား၍ ပါးလွှာသည့် ထူးဆန်းသော ဓားမျိုးဖြစ်ပြီး ဓားရှည်ဆိုသည်ထက် ဓားမြောင်အကြီးစား တစ်ခုနှင့်ပင် တူနေပါသေးသည်။
ဝုဖိုင်သည် ကောင်းကင်အဆင့် ၂ သို့ ရောက်ရှိနေသည့် ပညာရှင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် ကောင်းကင်အဆင့် ၁ လူတစ်ယောက်အား သတ်ရမည်မှာ ငှက်ပျောသီး အခွံနွှာရသလောက်ကို လွယ်ကူလှသည်။
ဝတ်ရုံနက်ဝတ် တခြားသော ကောင်းကင်အဆင့် ၂ ပညာရှင် အချို့သည်လည်း ခံစားချက်မဲ့သော မျက်နှာထားမျိုးဖြင့် ရှိနေကြသည်။ သို့သော် သူတို့၏ စိတ်ထဲတွင်မူ စိတ်ဓာတ်ကျနေမိကြ၏။
(ခေါင်းဆောင်က ဘာလို့ ငါတို့နာမည် မခေါ်တာပါလိမ့်။ ဝုဖိုင်ဆိုတဲ့ ခွေးကောင်ကတော့ မျက်နှာကောင်း ရတော့မှာပေါ့ . . .)
သူတို့စိတ်ထဲ ဖန်ဇီလင်၏ ခေါင်းကို ဖြတ်နိုင်သောသူသည် ဆုလာဘ်များစွာ ချီးမြှင့်ခြင်း ခံရမည်ဟု ထင်နေကြ၏။
ဝုဖိုင်သည် ဓားကို ထုတ်လိုက်ပြီးနောက် လေပေါ်ခုန်တက်လိုက်သည်။ လေထဲသို့ ရောက်သောအခါ သူ၏ဓားမှ လှပသော အလင်းတန်းများစွာ ထွက်ပေါ်လာကာ ရဲရှောင်ပေါ်သို့ ဖြာကျသွား၏။
သူသည် တစ်ခါတည်းဖြင့် အသက်ပါစေနိုင်လောက်သည့် ခုတ်ချက်မျိုးဖြင့် စတင်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ရဲရှောင် အေးစက်စက် ပြုံးလိုက်ရင်း -
“နောက်တစ်ယောက်ကတော့ အသက်ပျောက်ချင်နေပြီပေါ့ . . .”
တစ်ဖက် ရန်သူများမှ စကားသိပ်မပြောသဖြင့် သူလည်း စကားပြောနေရန် မလိုအပ်တော့ချေ။ တစ်ဖက်သို့ လှည့်လိုက်ပြီး ကိုယ်ကို လည်ကာ လေပေါ်သို့ နဂါးတစ်ကောင်အလား ခုန်တက်သွားသည်။
ဝုဖိုင်ထံမှ ကြာပန်းကဲ့သို့ အလင်းတန်းများ ထွက်နေသော ဓားသည်လည်း နီးကပ်လာပြီ ဖြစ်၏။
ဂျိမိန်ဇန်သည် မျက်လုံးများ မှေးစင်းလျက် တည်ငြိမ်စွာ ကြည့်နေသည်။
အဆင့် ၂ နှင့် ရင်ဆိုင်နိုင်စွမ်း ရှိနေလျှင် အဆင့် ၃ အား စေလွှတ်ရန် လိုတော့မည် မဟုတ်ချေ။
(ထိပ်တန်းအဆင့် ပညာရှင်တွေဆိုတာ သိက္ခာရှိရှိ နေတတ်ကြတယ်။ အဓိကက အနိုင်ရဖို့ပဲဆိုတော့ မလိုအပ်ဘဲ အချိန်တွေ ခွန်အားတွေ ဖြုန်းနေစရာ မလိုပါဘူး . . .
အဆင့် ၂ ပညာရှင်နဲ့ နိုင်နေတဲ့ ကိစ္စမှာ ဆရာသခင်အဆင့်လို ပညာရှင်မျိုး လွှတ်လိုက်ရင် စွမ်းအင် ဖြုန်းတီးရာသာ ရောက်မှာ . . .)
တကယ်တမ်းတွင် ဝုဖိုင်သည် ကောင်းကင်အဆင့် ၂ တွင်မှ နောက်ဆုံးအဆင့်သို့ ရောက်နေသော ပညာရှင်တစ်ဦး ဖြစ်သည်။
“ဒါဝုဖိုင်ရဲ့ ကြာပန်းဓားတိုက်ကွက်ပါလား . . . အစကတည်းက ဒီလို ခပ်ကြမ်းကြမ်းကို တိုက်ခိုက်လိုက်တာပါလား။ ဝုဖိုင်က အမြင်မှာသာ ဖန်ဇီလင်ကို အထင်သေးသလိုလိုပုံစံမျိုး ဖြစ်တာ တကယ်တမ်းကြတော့ အထင်မသေးဘဲ တစ်ခါတည်းကို အနိုင်ယူတော့မှာပါလား . . .”
ဂျိမိန်ဇန်၏ ဘေးရှိ အဘိုးကြီး ၂ ဦးသည် တီးတိုးပြောဆိုနေကြလေသည်။ တိုက်ပွဲရလဒ်ကိုလည်း ကြိုတင် သိနေသည့်အလား ခန့်မှန်းနေကြ၏။
“ဟုတ်တယ်၊ ကြာပန်းဓား တိုက်ကွက်က တကယ်ကောင်းတဲ့ တိုက်ကွက်ပဲ။ လေထဲကို ခုန်တက်ပြီး အောက်ကို ခုတ်ပိုင်းလိုက်တဲ့အချိန် အဆင့် ၃ ပညာရှင်တောင် ခံနိုင်ရည်စွမ်း မရှိနိုင်ဘူးလေ။ ဒီထက်ပိုပြီး အားသုံးရင် ပိုတောင် ဆိုးဦးမယ်။ ဖန်ဇီလင်ကို ဒီလိုတိုက်ကွက်သုံးမှတော့ ဖန်ဇီလင်လည်း ဘယ်လိုမှ အခြေအနေ မကောင်းနိုင်တော့ဘူး . . .”
ကျန်အဘိုးကြီး တစ်ဦးမှ ထောက်ခံပြောဆို လိုက်ပါတော့သည် . . .။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now