"အရှက်ရှိတော့ ဘာလုပ်ရမှာလဲ၊ ငါက မိန်းမလေးကိုပဲ လိုချင်တာ။"

သူတို့နှစ်ယောက် မနက်စာ စားရင်း ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောဖြစ်နေကြသည်။ ဆေးရုံလိုမျိုး ပိုးသတ်ဆေးများ၊ စိတ်ညစ်ညူးဖွယ်လေထုအခြေအနေများ ဖုံးလွှမ်းနေသည့်နေရာမှာတောင် သူ့အနား ယွီဖုန်းချန်ရှိနေရုံနှင့် စိတ်ထဲအေးဆေးလုံခြုံနေမှန်း ပိုင်ရှင်းယွီ ရုတ်တရက် သတိထားမိသွားသည်။

စားပြီးနောက်မှာတော့ သူ ယွီဖုန်းချန် လေ့ကျင့်ရေး သွားလုပ်တာကို အဖော်လိုက်သွားပေးလိုက်သည်။ ယွီဖုန်းချန်က သူ့ခြေထောက်နှင့် သတ်ဆိုင်တဲ့လေ့ကျင့်ခန်းများ လုပ်ရင်း ချွေးတဒီးဒီးကျနေတာကို ကြည့်နေရင်း သူကိုယ်တိုင်တောင် နာကျင်လာသလို ခံစားရပေမယ့် တစ်ဖက်လူရဲ့မာနကို ထိခိုက်သွားမှာ စိုးရိမ်ရတာမို့ သူ့မျက်နှာတွင် ပေါ်မလာအောင် ပိုင်ရှင်းယွီ ကြိုးစားချုပ်တည်းထားရသည်။

သို့ပေမယ့် ယွီဖုန်းချန်ကတော့ ဟန် မပျက်ရှိနေဆဲ။ သူ့လေ့ကျင့်ရေးအချိန်ပြီးတာနှင့် ပြုံးပြီးပြောလာသည်။ "ပြေးနိုင်ဖို့ ၆ လလောက်တော့ ငါ အချိန်ယူရမယ်။ အရင်အခြေအနေရဲ့ ၈၀% လောက် ပြန်ရောက်ဖို့ဆို နောက်ထပ်တစ်နှစ် ထပ်ကြာလိမ့်မယ်။ ဒါပေမယ့် ငါ ပျော်ပါတယ်။ မင်းလည်း အဆင်ပြေနေတယ်၊ အခြားလူတွေရောပဲ။ ငါရဲ့ဒီခြေထောက် သုံးမရတော့ရင်တောင် လက်ခံနိုင်နေဦးမှာ။"

"ငါတော့ လက်မခံနိုင်ပါဘူး။" ပိုင်ရှင်းယွီ သူ့ပေါင်ကို တစ်ချက်ပုတ်လိုက်သည်။ "မင်းက အကုန်ကောင်းနေမှဖြစ်မှာ။ နောက်ကျ နှင်းကျားသစ် ပြန်သွားတာဖြစ်ဖြစ်၊ ပြန်မသွားတာပဲဖြစ်ဖြစ်၊ မင်းတစ်ကိုယ်လုံး အကောင်းအတိုင်းဖြစ်နေမှ ရမယ်။"

ယွီဖုန်းချန် သူ့ကို ငေးကြည့်လာသည်။ "ငါ နှင်းကျားသစ်တပ်မဟာ ပြန်သွားမယ့်ကိစ္စကို မင်း မတားဘူးလား။"

ပိုင်ရှင်းယွီ ပြန်မေးလိုက်သည်။ "ငါက ဘာလို့ တားရမှာလဲ။"

"ဒါဆို ငါ့အမေရဲ့အတွေးလေးကတော့ မှားသွားပြီ။ သူက မင်း ငါ့ကို သေချာပေါက် ပြန်သွားခွင့် မပေးဘူးလို့ တွက်ထားတာ။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now