74.2

12.6K 1.9K 332
                                    

[Unicode]

ရက်အနည်းငယ်ကြာပြီးသည့်နောက် တစ်လကျော် စခန်းအပြင်တွင် မစ်ရှင်ထမ်းဆောင်နေရသည့် နှင်းကျားသစ်တပ်မဟာ၏ခေါင်းဆောင် ဟန်းကျို့ ပြန်ရောက်လာခဲ့သည်။ သူ့ပုံစံက ဒေါသထွက်နေပုံပေါ်ပြီး ဟော့ချောင်နှင့် လောင်-ရှားတို့ မျက်နှာတောင် မကြည်မသာဖြစ်နေကြသည်။ သူတို့သုံးယောက် အစည်းအဝေးခန်းမအတွင်းသို့ ဝင်သွားကြပြီး တစ်နေ့လုံးနီးပါး ထွက်လာခြင်း မရှိကြ။

ဝါရင့်စစ်သားများအနေနှင့် မစ်ရှင်တစ်ခု ထမ်းဆောင်ရတော့မည်ဆိုတာကို ချက်ချင်း သိပေမယ့် စစ်သားသစ်များကတော့ စိတ်ထင့်ခြင်းအချို့နှင့် စိတ်လှုပ်ရှားနေကြသည်။

ညနေ ထမင်းစားပြီးနောက် တပ်ဖွဲ့(၇)၏ အဖွဲ့သားအားလုံးကို အစည်းအဝေးခန်းသို့ လာရန် ဟော့ချောင်နှင့် လောင်-ရှားက ခေါ်လိုက်သည်။ ဟန်းကျို့ကတော့ အခန်းထဲတွင် ရှိမနေတော့။ ဟော့ချောင်က တည့်တိုးသာပြောလာသည်။ "ငါတို့ ထမ်းဆောင်ရမယ့် မစ်ရှင်တစ်ခု လက်ခံရရှိထားတယ်။"

ပိုင်ရှင်းယွီ သတိလက်လွတ် ချန်းကျင်းလက်မောင်းကို ဆွဲကိုင်လိုက်မိသည်။ သူ့စိတ်ထဲ စိုးရိမ်ပူပန်မှုများရှိနေပေမယ့် တစ်ချိန်တည်းမှာပဲ အနည်းငယ်မျှ စိတ်လှုပ်ရှားနေလေသည်။ နောက်ဆုံးတော့ သူ တကယ့်ကျည်ဆံသေနတ်များကို ဆွဲကိုင်၍ ရန်သူအစစ်များနှင့် တိုက်ခိုက်ရတော့မည်။

ဟော့ချောင် စားပွဲပေါ် လက်ထောက်ထားရင်း သူ့အကြည့်စူးစူးများက သူ့တို့ရှိရာသို့ ဝေ့ဝိုက်ကြည့်လာသည်။ "အာဖဂန်နစ္စတန်က နယ်မြေကျူးကျော်အုပ်စု ကာကာကိုရန်တောင်ကို ဖြတ်ပြီး ငါတို့တိုင်းပြည်ထဲ ဝင်လာဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းပို့ချက် ရထားတယ်။ လူအရေအတွက်က ရာကျော်နိုင်တယ်။ ဒီစစ်ဆင်ရေးက ကြီးမားတယ်။ မင်းတို့အကုန် သိထားသလိုပဲ၊ ရှင်းကျန့်မှာ အခြေစိုက်နေရတဲ့ အထူးတပ်ဖွဲ့ဝင် စစ်သားတွေရဲ့ အရေးအကြီးဆုံးတာဝန်က ငါတို့နယ်နမိတ်ကို ဖြတ်ကျော်ပြီး ငြိမ်းချမ်းရေးကို ကမောက်ကမဖြစ်အောင် လုပ်ချင်နေတဲ့ အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့ပဲ။ ဒီလိုအရေးတကြီးအချိန်မျိုးမှာ မင်းတို့တွေက ဒိုင်းကာတစ်ခုဖြစ်လာရမယ်။ အမိနိုင်ငံတော်ရဲ့ နယ်နမိတ်စည်းရှေ့မှာ မားမားမတ်မတ်ရပ်ပြီး ဒီလူတရိစ္ဆာန်တွေကို ငါတို့နိုင်ငံထဲ ခြေတစ်လှမ်းတောင် ဝင်မလာစေနဲ့!"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now