55

12.3K 1.8K 466
                                    

[Unicode]

'လက်တွေ့စမ်းသပ်ပွဲ စတင်ခြင်း'

သူတို့ရုံးခန်းထဲမှ ထွက်လာသည်နှင့် တစ်ယောက်နှင့်တစ်ယောက် စကားစမြည် ပြောကြတော့သည်။ တာ့ရှုန်း ရယ်ပြီး ပြောလာသည်။ "ငါ ပါလိမ့်မယ်လို့ တွေးထားပြီးသားဆိုပေမယ့် .. အိုက်ရား၊ ငါ တကယ်ကြီး နည်းနည်း စိုးရိမ်မိတုန်းပဲ။"

လျန်းရှောင်းမောင်း ယတိပြတ် ပြောလာသည်။ "မင်းကို ရွေးတာ အထူးအဆန်း မဟုတ်ပါဘူး၊ ဘယ်သူ ရွေးခံရရ ထူးဆန်းမနေဘူး။ အခုဟာက .."

သူ ပိုင်ရှင်းယွီဘက် တစ်ချက်လှည့်ကြည့်ပြီး မနှစ်မြို့ရွံ့ရှာသလို ပြောလိုက်သည်။ "မင်းအတွက် ထောက်ခံစာ၊ တပ်မှုး ကျပန်းမဲနှိုက်ပြီးများ ရွေးလိုက်တာလား။"

ပိုင်ရှင်းယွီ မျက်ခုံးများ ပင့်တက်သွားကာ တစ်ခုခု ပြန်ခံငြင်းမလို့ လုပ်ချိန်မှာပဲ ချန်းကျင်းက သူ့ထက်အရင် ပြောလာပြီး အသံကလည်း ခက်ခက်ထန်ထန်နိုင်လှသည်။ "ရှောင်းမောင်း၊ ရှင်းယွီ လပိုင်းအတွင်း တိုးတက်လာတာ လူတိုင်း သိတဲ့ကိစ္စ။ တပ်မှုးအတွက် ဒီလို ဆုံးဖြတ်ချက်ချတယ်ဆိုတာ သူ့အကြောင်းပြချက်နဲ့သူ ရှိနေလို့ပဲ။ မင်း ဘယ်လိုဖြစ်လို့ အဲ့လိုတွေပြောနေရတာလဲ။"

လျန်းရှောင်းမောင်း ခပ်တိုးတိုး နှာရှုံ့ပြီး ထေငါ့လျက် တစ်ဖက်လှည့်သွားပေမယ့် သူ့မျက်နှာက အခြေအနေကောင်းမနေ။

ပိုင်ရှင်းယွီ နေရာတစ်နေရာ ရလိုက်ခြင်းက သူ့ထက် သာတော်တဲ့သူတစ်ယောက် ထိုနေရာကို ဆုံးရှုံးသွားရသည်ဟူသည့်အဓိပ္ပါယ်ပင်။ အခြားသူများ လျန်းရှောင်းမောင်းလို မကွယ်မဝှက် မပြောလာပေမယ့် သူတို့အကုန်လုံး လက်ခံပေးလို့မရပဲ စိတ်ထဲ ငြီးတွားနေမိကြသည်။

ပိုင်ရှင်းယွီ အပြင်ထွက်လာပြီးတည်းက သူ ယွီဖုန်းချန် မျက်ဝန်းများကို စေ့စေ့မကြည့်ရဲ။ သေချာသလောက် သူ စိတ်မလုံသလိုဖြစ်စရာ အကြောင်းမရှိပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းက ယွီဖုန်းချန် သူ့အား မေးလာချိန် မသွားချင်ဘူးဟု ညာဖြေခဲ့သည်။ ရွှီချွမ် မေးလာချိန်တွင်တော့ သူ တုန့်ဆိုင်းခြင်းမရှိ သဘောတူလိုက်သည် ... ဘယ်လိုပဲဖြစ်ပါစေ သူ့မှာ ယွီဖုန်းချန်ကို ရှင်းပြပေးစရာ ဘာမှမရှိ။ အခုဖြစ်က သူက သွားခဲ့တာ မဟုတ်ပဲ ရွှီချွမ်က သူ့ကို ရွေးခဲ့တာဖြစ်သည်။ ကြည့်ရတာ လအနည်းငယ်အတွင်း သူ့တိုးတက်လာမှုက ရွှီချွမ်ကို စိတ်ကျေနပ်စေပုံပင်။ သူ ရလဒ်အကြောင်းတွေးမိချိန်တွင်တော့ စိတ်ပြန်ပျော်ရွှင်လာတော့သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now