94

13.5K 1.9K 390
                                    

[Unicode]

'ဘော့စဝါးနားသို့သွားခြင်း'

မန်နေဂျာရွှီ ကျန်းဆွေ့ယင်း၏ရုံးခန်းထဲ တစ်နာရီကျော်မျှ ထိုင်သွားပြီး သူတို့လေးယောက်သား ပျော်ပျော်ရွှင်ရွှင် စကားပြောဆိုလျက် ပါတနာအဖြစ် ပူးပေါင်းရေး အကြမ်းပုံစံဆွဲဖြစ်သွားကြသည်။ ကျန်းဆွေ့ယင်းက တစ်လျှောက်လုံး ပြုံးလျက်ရှိနေပေမယ့် ပိုင်ရှင်းယွီ သူနှင့်အကြည့်ချင်းဆုံချိန်တိုင်း ကျန်းဆွေ့ယင်း၏မျက်ဝန်းများက သူ့ကို ချွေးအေးများ ကျလာစေသည်။

ဆွေးနွေးပြီးသည်နှင့် မန်နေဂျာရွှီမှ နှုတ်ဆက်စကား ပြောလာပြီး သူတို့သုံးယောက်လည်း သူ့ကို ဓာတ်လှေကားရှိရာအထိ လိုက်ပို့ပေးလိုက်ကြသည်။ ဓာတ်လှေကားတံကားပိတ်သွားသည်နှင့်တပြိုင်နက် ကျန်းဆွေ့ယင်းမျက်နှာပေါ်မှ ယဉ်ယဉ်ကျေးကျေး အပြုံးလေးက အစအနရှာမရအောင် ပျောက်ကွယ်သွားပြီး ပိုင်ရှင်းယွီကို လှည့်ကြည့်လာတော့သည်။

ပိုင်ရှင်းယွီ သူ့မျက်လုံးဝိုင်းဝိုင်းများဖြင့် အပြစ်ကင်းစင်သူတစ်ယောက်လို ကြည့်နေလိုက်သည်။ "ကော၊ ကျွန်တော် ဘာမှ မသိဘူး။"

ကျန်းဆွေ့ယင်း ဩရှရှပြောလာသည်။ "ရုံးခန်းထဲရောက်မှ ပြောမယ်။"

ပြောပြီးတာနှင့် ကျန်းဆွေ့ယင်း သူတို့နှစ်ယောက်ကို ဖြတ်ကျော်၍ ရုံးခန်းထဲ လျှောက်ဝင်သွားတော့သည်။

ပိုင်ရှင်းယွီ လီယွီကို လှမ်းဆွဲထားပြီး ခပ်တိုးတိုးပြောလိုက်သည်။ "ငါ မရောက်လာခင်တုန်းက မင်းတို့ ဘာတွေ ပြောနေကြတာလဲ။"

"ကျွန်တော် ခင်ဗျားအစ်ကိုရဲ့ ငယ်ငယ်တုန်းကဓာတ်ပုံ လိုချင်တယ်။" လီယွီ သူ့ကို ငုံ့ကြည့်လာသည်။

ပိုင်ရှင်းယွီ ကြောင်အလို့သွားသည်။ "ဟမ်?"

"ခင်ဗျားအစ်ကို ငယ်ငယ်တုန်းက ဓာတ်ပုံ၊ ခင်ဗျားအိမ်မှာ ရှိတယ်။"

ပိုင်ရှင်းယွီ မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။ "မင်းမှာ မရှိဘူးလား။"

"ခင်ဗျားအိမ်မှာရှိနေတဲ့ပုံတော့ ကျွန်တော့်မှာ မရှိသေးဘူးပေါ့။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now