65

12.2K 1.9K 523
                                    

[Unicode]

'မတွေ့ရတာကြာပြီဖြစ်တဲ့ ကောင်မလေး'

သူတို့ မနက်ပိုင်း မနက်စာ စားပြီးသည်နှင့် ထွက်ခွါဖို့လုပ်လိုက်ကြပြီး ပိုင်ရှင်းယွီ အခြားဘယ်သူ့ကိုမှ သူ့အား လိုက်မပို့ခိုင်း။ သူဆိုသည်မှာ ခံစားချက် ပေါများလွန်း၍ အငိုလွယ်သောသူဖြစ်သည်။ သူ သွားရချိန်တွင်တော့ မငိုချင်၊ ဒါက သူ့ပုံရိပ်ကို အတော်လေး ထိခိုက်စေမှာပင်။

သူတို့သုံးယောက် ကားထဲ အဝတ်အစားအိတ်များထည့်ကာ သူတို့အချိန်အတော်ကြာ နေခဲ့ရသည့် စစ်စခန်းကို နောက်ဆုံးတစ်ခေါက်ကြည့်ပြီးမှ အင်တင်တင်နှင့် ကားပေါ် တက်လိုက်ကြသည်။

ကားမောင်းထွက်ပြီး သိပ်မကြာခင်မှာပဲ ပိုင်ရှင်းယွီ ကားနောက်ကြည့်မှန်ကို တစ်ချက်လှမ်းကြည့်မိချိန် တစ်စုံတစ်ခုအား ရုတ်တရက် သတိထားမိသွားသည်။ သူ ခေါင်းကို ဆတ်ကနဲ လှည့်ကြည့်လိုက်သည်နှင့် ဘယ်အချိန်က ပြေးထွက်လာမှန်း မသိသည့် တန်းခွဲ(၃)မှ လူတိုင်း သူတို့ကား ရှိရာသို့ တညီတညွှတ်တည်း အလေးပြုနေတာကို မြင်လိုက်ရသည်။ ချန်းကျင်းနှင့် ယွီဖုန်းချန်လည်း အနောက် ပြန်လှည့် ကြည့်နေကြသည်။ သူတို့ရဲဘော်ရဲဘက်များ၏ မြင်ကွင်းက တဖြည်းဖြည်း သေးငယ်လာသည်နှင့်အမျှ သူတို့ရင်ထဲလည်း စူးရှရှနှင့် နာကျင်လာရတော့သည်။

ပိုင်ရှင်းယွီ နှလုံးသားက ပူလောင်နေပြီး မျက်ရည်များကလည်း သူ့မျက်ဝန်းထဲ စတင်ပြည့်နှက်လို့ လာတော့သည်။ သူ တစ်ဖက်သို့ အလျင်အမြန် ပြန်လှည့်လိုက်ပြီး အနောက်သို့ ထပ်မကြည့်ရဲတော့။

ချန်းကျင်းလည်း ပြန်လှည့်လာကာ ထိုင်ခုံအနောက်သို့ မှီချရင်း သက်ပြင်း လေးလေးပင်ပင် ချလိုက်သည်။

ပိုင်ရှင်းယွီ သူ့လက်နှစ်ဖက်ကို ပိုက်ထားလျက် ရှိုက်သံတစ်ခုနှင့်အတူ ပြောလာသည်။ "ခေါင်းဆောင်၊ ကျွန်တော်တို့ ပြန်လာလည်လို့ ရလား။"

ချန်းကျင်း ပြောလိုက်သည်။ "ခက်တယ်။ ဒီနေရာက အစွန်အဖျားကျတော့ တိုက်ရိုက်လာလို့ရတဲ့ လေယာဉ်မရှိဘူး။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now