59

10.8K 1.8K 560
                                    

[Unicode]

'လက်တွေ့စမ်းသပ်ပွဲ ;
တတိယမြောက် အဖွဲ့ဝင် အထုတ်ခံရခြင်းနှင့်
သောက်ရေးမပါတဲ့ သီချင်း'

ရေက ရေခဲတမျှ အေးစက်လို့နေတာမို့ ချက်ချင်းဆိုသလို သူတို့ဦးနှောက်များကို ကြည်ရှင်းနိုးထလာစေတော့သည်။ ရေခဲရေများက လည်ချောင်းမှတစ်ဆင့် ဝမ်းဗိုက်အတွင်းသို့ စီးဝင်လို့သွားသည်။ သူတို့တစ်ကိုယ်လုံး ချမ်းအေးလို့နေပေမယ့် ထိုရေများကို သောက်ဆဲဖြစ်သည်။ ခြောက်ကပ်လို့နေသည့် ခန္ဓာကိုယ်ပေါ်မှ ဆဲလ်များတစ်ခုချင်းဆီက အသက်ပြန်ရှင်လာသကဲ့သို့ပင်။

ဝမ်ရှန့် ရေဘူးထဲ ရေထည့်ပြီး လီကျားလဲ့ ပါးစပ်အနား တေ့ပေးလိုက်သည်။ "ကျားလဲ့၊ ရေနည်းနည်း သောက်။"

လီကျားလဲ့ ရေဘူးကို လှမ်းယူကာ ပါးစပ်အပြည့် သောက်ချလိုက်သည်။

ချန်းကျင်း ပြောလိုက်သည်။ "ဒါ ရေစိမ်းတွေ၊ သူ့ကို အများကြီး ပေးမသောက်နဲ့။"

လီကျားလဲ့ ရေဘူးကို ကျစ်ကျစ်ဆုပ်ကိုင်လို့ထားသည်။ "ငါ့ကို ပေးသောက်၊ ဖြစ်နိုင်ရင် ငါ ရေထဲတောင် ခုန်ဆင်းပစ်ချင်တာ။"

ရေ အဝသောက်ပြီးသွားသည့်နောက် သူတို့ ရေတမံကို ဖြတ်ကျော်ရမည့် ပြဿနာအား စတင်လေ့လာတော့သည်။ နေနှင့် ထိတွေ့လို့နေသည့် ရေအပေါ်ယံပိုင်းက အနည်းငယ်မျှ နွေးထွေးနေတယ်ဆိုပေမယ့် ၁၀ စင်တီမီတာအောက် ရောက်လို့နေသည့် ရေများက အလွန်အမင်း အေးစက်နေသည်။ လက်ရှိ သူ့ခန္ဓာကိုယ် လုပ်နိုင်စွမ်းအားနှင့် ရေတမံကို ဖြတ်ကျော်ပါက စွန့်စားမှုများ ကြုံတွေ့နိုင်လောက်သည်။

လူတိုင်း ဝိုင်းစုလို့ ဆွေးနွေးလိုက်ကြသည်။ "ငါတို့ ကွေ့ပတ်သွားလို့ ရမယ့်နေရာ မရှိဘူးလား။"

ယွီဖုန်းချန် မြေပုံကို ထောက်ပြရင်း ခေါင်းခါလိုက်သည်။ "ရေတံမံ ထိန်းချုပ်နေရာက ဒီနေရာကနေဆို ၁၀ကီလိုမီတာလောက် ထပ်သွားရမှာ။"

ဝမ်ရှန့် လီကျားလဲ့ကို ငဲ့ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ လီကျားလဲ့ရဲ့ လက်ရှိအခြေအနေအရ သူ ရေကူးနိုင်တော့မှာ မဟုတ်၊ သူတို့မှာလည်း လီကျားလဲ့ကို ထမ်းပြီး ရေတမံကို ဖြတ်ကူးဖို့ အင်အား မရှိတော့။ ရေက ချမ်းစိမ့်လွန်းနေတာမို့ အသက်အန္တရာယ်တောင် ရှိလာနိုင်သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now