97

11K 1.9K 214
                                    

[Unicode]

'ယွီဖုန်းချန် .. သူ လာမှာလား။'

လူတိုင်း ထိတ်လန့်အံ့အားသင့်သွားကြသည်။

ပိုင်ရှင်းယွီ နာကျင်မှုကို တောင့်ခံရင်း သူ့လက်များကို လက်ထိပ်အတွင်းမှ ဆွဲထုတ်လိုက်သည်။ လက်ထိပ်ကွင်းအထဲမှ သူ့လက်မကို ဆွဲညှစ်၍ ထုတ်ရချိန် နာကျင်မှုက ပြင်းထန်လွန်းလှတာမို့ အမေတပြီး ဆဲချင်မိသည်အထိ။ သူ အံကြိတ်ရင်း လက်ကို မြန်မြန်ဆွဲထုတ်ကာ အဆစ်ရိုးကို 'ကလစ်' ဆိုသည့်အသံဖြင့် ပြန်ဆက်လိုက်ရသည်။ စက္ကန့် ၂၀ မျှသာ ဆိုပေမယ့် သူကတော့ ချွေးများ စီးကျနေခဲ့ပြီ။

ထိုမန်နေဂျာမှာ ပိုင်ရှင်းယွီကို ထိတ်လန့်မှုများဖြင့် ကြည့်နေပြီး ဘာစကားမှ ထပ်မပြောရဲတော့။

တာ့ဟွေးက နံရံဘေးတွင် ဒူးကွေးထိုင်ချရင်း ပိုင်ရှင်းယွီ သူ့ပခုံးပေါ် နင်းတက်လျက် ပြတင်းပေါက်အနားသို့ ကပ်သွားရသည်။ ထို့နောက် သူ အပေါ်ဝတ်ကို ဆွဲချွတ်၍ လက်တွင် ပတ်စီးကာ အားအပြည့်နှင့် ပိတ်ထိုးချလိုက်လေသည်။ ပြတင်းပေါက်ဘောင်က ကျိုးပဲ့သွားပြီး မှန်ကျိုးမှန်စများလည်း လွင့်စင်ကျလာကာ အမှောင်ထုထဲတွင် ထိုအသံက ဟိန်းကနဲ။

တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး ဘယ်သူမှတောင် အသက်ပြင်းပြင်း မရှူရဲတော့။

တစ်မိနစ်တိတိစောင့်ကြည့်ပြီး လှုပ်ရှားသံများ မကြားရချိန်မှ ပိုင်ရှင်းယွီ မှန်ကွဲစများကို ရှင်းလင်း၍ တွားသွားထွက်သွားလိုက်ရသည်။ လေဝင်ပေါက်နေရာလေးက ကျဉ်းမြောင်း၏။ သူ အရင်ဆုံး ပခုံးနှစ်ဘက်ကို အပြင်ထုတ်နိုင်အောင် အစွမ်းကုန် ကြိုးစားလိုက်ရသည်။ ပခုံးနှစ်ဘက် အပြင်ရောက်သွားတာနှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး လိုက်ထွက်ဖို့ လွယ်ကူသွားတော့သည်။ သူ လေဝင်ပေါက်အတွင်းမှ တိုးထွက်လျက် မြက်ခင်းပြင်အပေါ် ခုန်ချလိုက်သည်။

မှောင်မဲ၍ လေထန်နေသည်။ တကယ်တော့ သူ ထွက်ပြေးမည့်ကိစ္စကို အလုပ်သမားများအနေဖြင့် စိတ်ပူစရာတောင် မလို။ ဒီလိုလူသူပြတ်လပ်သည့်နေရာမျိုးတွင် ခြေနှစ်ချောင်းကိုသာ အကူအညီပြုပြီး ဘယ်အထိ သွားနိုင်မှာတဲ့လဲ။ ထို့အပြင် သူ အခန်းအတွင်းမှ လူများကို ခေါ်ထုတ်၍ ထွက်ပြေးဖို့ ကြံထားတာကိုပါ ဖျောက်ဖျက်လိုက်ရတော့သည်။ လေ့ကျင့်ခန်း လုပ်နေမကျသည့် ရုံးခန်းအတွင်း တစ်နေကုန်ထိုင်နေရသည့်ဝန်ထမ်းများဖြစ်တာမို့ နှစ်ကီလိုမီတာမျှ ပြေးပြီးတာနှင့် ဖမ်းမိသွားနိုင်သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now