41

12.2K 2.1K 1.3K
                                    

[Unicode]

'အနိုင်ရရှိခြင်း'

ပြိုင်ပွဲရက်နီးကပ်လာစဉ် ရက်များအတွင်းမှာတော့ ဝူချင်း ပိုင်ရှင်းယွီအား သေနတ်ပစ်ခတ်နည်းများအကြောင်းကို နေ့တိုင်း ၂နာရီကျော် ၃နာရီနီးပါး ကြာမြင့်အောင် သင်ကြားပေးသည်။ အထူးသဖြင့် လေတိုက်နှုန်းအကြောင်း သိကောင်းစရာများနှင့် နှင်းထု၊ လေထု ကာဆီးနေချိန် ကျည်ဆံသွားရာ လမ်းကြောင်းများအကြောင်းဖြစ်ပြီး သာမန်စစ်စခန်းလေးအတွက် အသုံးမလိုလောက်သည့် မှတ်သားသိရှိစရာ တပုံတမများကို သင်ကြားခံလိုက်ရသည်။ ပိုင်ရှင်းယွီက ဉာဏ်ရည်မကောင်းသူတစ်ယောက်မဟုတ်၊ သူက စာသင်ကြားရခြင်းကို မကြိုက်ရုံသာသာဖြစ်သည်။ သို့ပေမယ့် အခုအချိန်တွင်တော့ သူ့အား ယွီဖုန်းချန်ကို အနိုင်ရရှိရမည်ဆိုသည့် ခံယူချက်က ဆွဲကိုင်ထားတာမို့ သေရင်တောင်မှဆိုသည့် စိတ်အခြေအနေမျိုးနှင့် လေ့ကျင့် သင်ကြားနေမိသည်။ သူ ဝက်အစာကျွေးနေချိန်တွင်တောင်မှ ထိုနေရာတွင် သေနတ်ပစ်ခြင်းများအကြောင်းစာအုပ်ကို လက်ကမချပဲ လေ့လာနေသည်။ ဒီလို လုံလဝီရိယရှိမှုက သူ့ဘဝမှာ ဒါပထမဆုံး ပေါ်ပေါက်လာခြင်းဖြစ်သည်။

နောက်ဆုံးမှာတော့ ပြိုင်ပွဲများ စတင်ခဲ့လေပြီ။

တပ်၏အကြီးအကဲများ တပ်ရင်းတစ်လျှောက် စစ်ရေးချီတက်ပြချိန်မှာတော့ ဟင်းချက်ဆောင်မှ သူများ နေရာတွင် ရှိမနေခဲ့။ သူတို့အကုန်လုံး မီးဖိုချောင်ထဲတွင် ဟင်းပွဲများပြင်ဆင်လျက် အလုပ်ရှုပ်နေကြသည်။ သို့ပေမယ့် မီးဖိုးချောင်အတွင်းမှလည်း အပြင်ရှိစစ်သားများ၏ ကျယ်ကျယ်လောင်လောင် အော်ဟစ်သံများကို ကြားနေရသည်။ အားမာန်အပြည့် အော်ဟစ်သံများက စိတ်ဓာတ်ခွန်အားကို လုံ့ဆော်ပေးနေတာမို့ သွားမကြည့်တောင်မှ အသံကြားရုံနှင့် စစ်သွေးစစ်မာန်များကို ခံစားလို့ရနေသည်။

ပြိုင်ပွဲ ပထမနေ့တွင် ပြိုင်ပွဲများက ကိုယ်ကာယကြံခိုင်ရေး ပြိုင်ပွဲများပင်ဖြစ်သည်။ ဟင်းချက်ဆောင်က စစ်သားများ အလုပ်ပြီးသည်နှင့် စိတ်လှုပ်ရှားစရာများကို ကြည့်နိုင်ဖို့ စစ်မြေပြင်ကွင်းကို အပြေးသွားလိုက်ပြီး တာဝေးအပြေးပြိုင်ပွဲ၊ လက်ဝှေ့ထိုးပြိုင်ပွဲနှင့် အတားအဆီးကျော်ဖြတ်ပွဲများကို ကြည့်လိုက်ကြသည်။ ပြိုင်ပွဲအားလုံးက စွဲမက်စရာကောင်းအောင် ဆွဲဆောင်နေသည်။ တပ်ရင်းတစ်ခုလုံးမှ ဝင်ရောက်ယှဉ်ပြိုင်ကြသူများနှင့် တက်တက်ကြွကြွ အားပေးနေသူများက အိုလံပစ်ပြိုင်ပွဲတစ်ခုရောက်နေသလို ခံစားချက်ပင်။ နှစ်ဝက်ကျော်အောင် ခြောက်ကပ်နေခဲ့သည့် စစ်စခန်းကြီးကလည်း ဒီပြိုင်ပွဲကြောင့် ပြန်လည် အသက်ဝင်ရှင်သန်လာတော့သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now