111

13.9K 2K 614
                                    

[Unicode]

'မင်းခြေထောက်ကိုသာ မြန်မြန်ကောင်းအောင် လုပ်ပါဦး၊ ထော့ကျိုးလေးရဲ့'

ပိုင်ရှင်းယွီ စားပြီးတာနှင့် အိမ်ပြန်လိုက်ချင်ပေမယ့် ယွီဖုန်းချန်က သူ့ကို ဆွဲထားပြီး ပြန်သွားခွင့် မပေး။ သူ့အနေနှင့် အရင်က ယွီဖုန်းချန် ဒီလောက်ထိ တွယ်ကပ်တတ်လိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ဖူး။ သူ ပြန်သွားတာနှင့် ထွက်ပြေးသွားမှာကို စိုးရိမ်နေသည့်အလား လွှတ်ပေးလာခြင်း မရှိ။ အဆုံး၌ သူ ရယ်ချင်လာတော့သည်။ "မင်း ဘာလုပ်ချင်နေတာလဲ။"

"ငါ ဒီတိုင်းလေး မင်းကိုပဲ ကြည့်နေချင်တာ။" ယွီဖုန်းချန် ဝေ့ဝိုက်ခြင်း မရှိပဲ ပြန်ပြောသည်။

ပိုင်ရှင်းယွီ သူ့လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။ "မင်း ကျောင်းပြန်သွားရမှာ မဟုတ်ဘူးလား။ မင်းအမေ မင်းကို လိုက်ပို့ဖို့ ပြန်လာမှာလား။"

ယွီဖုန်းချန်က အခြားအကြောင်းအရာများအပေါ်သာ ပိုအာရုံရောက်နေသည်။ "ငါ နောက်သုံးရက်နေရင် ခြေထောက်လေ့ကျင့်ရေးအတွက် ဆေးရုံပြန်လာရမှာ။ မင်း ငါ့ကို လာတွေ့မှာလား။"

ပိုင်ရှင်းယွီ မျက်ခုံးပင့်သွားသည်။ "ငါ အလုပ် အရမ်းရှုပ်နေတယ်။"

"ဒါဆို ငါ မင်းကို လာတွေ့မယ်။"

"မင်း မလာနဲ့။ နောက်ဆို ငါ့ကုမ္ပဏီအရှေ့မှာ မပေါ်လာနဲ့။"

ယွီဖုန်းချန် မျက်မှောင်ကြုတ်သွားသည်။ "ဘာလို့လဲ။"

"ငါ့အစ်ကိုက မင်းကို မကြည်ဘူး။"

ယွီဖုန်းချန် သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ "မင်းက မင်းအစ်ကို ဘယ်လိုတွေးလဲဆိုတာကို အဲ့လောက်ထိ ဂရုစိုက်နေတာလား။"

ပိုင်ရှင်းယွီ လွှတ်ကနဲပြောလိုက်မိသည်။ "မင်း မင်းဦးလေးငယ်နဲ့ပတ်သတ်ပြီး ဂရုစိုက်တာနဲ့ အတူတူလောက်ပဲပေါ့။"

ယွီဖုန်းချန် မျက်နှာအမူအရာက ပြောင်းလဲလို့သွားပြီး သူ့မျက်ဝန်းများကလည်း အရောင်မှိန်ကျသွားသည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now