114

17.4K 1.9K 419
                                    

[Unicode]

'ပြင်းပြင်း .. ကြမ်းကြမ်း .. မြန်မြန်လေး'

နောက်တစ်နေ့ မနက်စောစောတွင် ပိုင်ရှင်းယွီ အိမ်သို့ အပြေးပြန်သွားလိုက်သည်။ သူ အရိုက်ခံဖို့အထိ အသင့်ပြင်ထားပေမယ့် အိမ်ပြန်ရောက်သွားချိန် သူ့အဖေက အိမ်မှာ မရှိနေတာကို တွေ့လိုက်ရလေသည်။ အိမ်အထိန်းတော်ကို မေးကြည့်လိုက်ချိန်မှာတော့ သူ့အဖေက မနက်အစောကတည်းက မြေကွက်အချို့ကို ကွင်းဆင်းလေ့လာရန် ထွက်သွားတယ်ဟု ပြောလာသည်။

ပိုင်ရှင်းယွီ စိတ်ထဲရှုပ်ထွေးသွားရသည်။ အတော်ကြာအောင် တွေးနေပြီးမှ သူ သူ့အဖေဆီ စာပို့လိုက်ပေမယ့် သူ့အဖေထံမှ ပြန်စာရောက်မလာ။ ထို့နောက် သူလည်း အားလပ်လို့နေတာမို့ ယွီဖုန်းချန်ကိုသာ သွားတွေ့ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ယွီဖုန်းချန်က ဒီလအပိုင်းအခြားအတွင်း ဆေးရုံကို အိမ်ဟုတောင်ခေါ်နိုင်တော့မည်။ ပိုင်ရှင်းယွီ ရောက်သွားသည့်အချိန် သူက ထမင်းစားလျက်ရှိနေ၏။

ပိုင်ရှင်းယွီ သူ့လက်ထဲက နေ့လည်စာ ထမင်းဘူးကို လှုပ်ပြလိုက်သည်။ "ငါ မင်းအတွက် ခေါက်ဆွဲနည်းနည်းထုတ်လာခဲ့တယ်။ မင်းလည်း ဆေးရုံက ထမင်းဟင်းစားရတာ ငြီးငွေ့နေပြီမလား။"

ယွီဖုန်းချန် ပြုံးရယ်သွားသည်။ "အဲ့လိုဂရုစိုက်ပေးနေတော့လည်း တကယ်ကြီး နေသားမကျဘူးပဲ။"

"ဘာကို နေသားမကျတာလဲ။ ငါက အရင်ကတည်းက ထောက်ထားညှာတာတတ်တဲ့ ယောက်ျားကောင်းတစ်ယောက်ပါနော်။"

ပိုင်ရှင်းယွီ ဘူးကို စားပွဲပေါ်တင်ကာ ယွီဖုန်းချန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ချပြီး ဘူးအဖုံးကိုဖွင့်၍ အနံ့ကို ခပ်ပြင်းပြင်းရှိူက်ရှူလေသည်။ "အင်း၊ အနံ့ကတော့ မွှေးနေတာပဲ။ ဒီနေရာက ရှောင်းကျင်း ငါ့ကိုပြောပြထားတာ။ အရသာ ပိုစစ်တယ်တဲ့၊ ရှင်းကျန့်တုန်းကလို အနံ့ပဲ၊ မင်း စမ်းစားကြည့်။"

ပိုင်ရှင်းယွီ သူ့ကို တူတစ်စုံလှမ်းပေးပြီး သူ့ဘာသာလည်း အနံ့မွှေးပျံ့ပြီး အရသာနံ့ တထောင်းထောင်းထနေသည့် ခေါက်ဆွဲ အလုတ်ကြီးတစ်လုတ် စားယူလိုက်သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now