104

13.3K 2K 361
                                    

[Unicode]

'နှလုံးသားကြောင့် လောင်ကျွမ်းရခြင်း'

ယွီဖုန်းချန်ရဲ့မျက်ဝန်းများက ပိုင်ရှင်းယွီကို မြင်တာနှင့် အရောင်လဲ့လာပြီး ထို့နောက်မှာတော့ အနောက်မှလိုက်လာတဲ့ ယန့်ရှောင်းကျင်းနှင့် ဖုန်းသုန့်ယွမ်ကို မြင်လိုက်တာမို့ ချက်ချင်း အရောင်ပြန်မှိန်သွားတော့သည်။

ပိုင်ရှင်းယွီ တံခါးဝတွင် နှစ်စက္ကန့်မျှ တောင့်တောင့်ကြီးရပ်နေပြီးမှ ယန့်ရှောင်းကျင်းရဲ့လက်ထဲမှ သစ်သီးခြင်းတောင်းကို လှမ်းယူပြီး ယွီဖုန်းချန်ကို လှမ်းပြလိုက်သည်။ "အင်း၊ မင်းကို လာတွေ့တာ ..."

သူ အခုမှ သစ်သီးခြင်းနှင့်ပန်းစည်းများရဲ့ ရည်ရွယ်ချက်ကို နားလည်လာတော့သည်။ ကြည့်ရတာ အနေရခက်နေခြင်းကို အနည်းငယ်မျှ လျော့ချချင်၍ဖြစ်နိုင်၏။ ဖုန်းသုန့်ယွမ်က တကယ် ရှေ့ကြိုမြင်တတ်လွန်းသည်။

ယွီဖုန်းချန် ခပ်ရေးရေးလေး မျက်မှောင်ကြုတ်သွားသည်။ "မင်း ဘာလို့ သူတို့ကို ခေါ်လာတာလဲ။"

ဖုန်းသုန့်ယွမ်က နေရခက်သလို ခေါင်းကုတ်ရင်း ဆက်နေရမလား၊ ထွက်သွားရမလား တွေဝေနေပေမယ့် ယန့်ရှောင်းကျင်းကတော့ တည်တည်ငြိမ်ငြိမ်ပင်။ ယွီဖုန်းချန်ကို မျက်ခုံးပင့်ကြည့်ပြီးတောင် သူ ထွက်သွားမှာ မဟုတ်ကြောင်း ပျော်ပျော်ကြီးအချက်ပြနေ၏။

ပိုင်ရှင်းယွီ သက်ပြင်းချသွားသည်။ သူ အမြဲပုန်းကွယ်နေလို့မရတာလည်း သိနေတာမို့ တိုးတိုးပြောလိုက်သည်။ "မင်းတို့တွေ ငါ့ကို အပြင်မှာ ခဏစောင့်နေပေး။"

ယန့်ရှောင်းကျင်း ခေါင်းငုံ့ကာ ပိုင်ရှင်းယွီ နားရွက်အနားကပ်၍ တိုးတိုးပြောသွားသည်။ "သူ အရူးလုပ်တာ မခံနဲ့။"

ယွီဖုန်းချန် သူ့မျက်လုံးများကို မှေးကျဉ်း၍ကြည့်နေသည်။

သူတို့နှစ်ယောက်သာ ကျန်တော့သည့်အချိန် ပိုင်ရှင်းယွီ တံခါးပိတ်ကာ သစ်သီးခြင်းတောင်းဖြင့် အနားလျှောက်လာလိုက်သည်။

ပိုင်ရှင်းယွီ သူ့အရှေ့မှာ လာမထိုင်ခင်အထိ ယွီဖုန်းချန်ရဲ့မျက်ဝန်းများက ပိုင်ရှင်းယွီကိုသာ အကြည့်မလွဲတမ်း ငေးစိုက်ကြည့်နေ၏။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now