61

10.9K 1.8K 497
                                    

[Unicode]

'လက်တွေ့စမ်းသပ်ပွဲ ;
စတုတ္ထမြောက် အဖွဲ့ဝင် အထုတ်ခံရခြင်းနှင့်
သံသယဝင်မှု'

ကူးလှေက အလျင်အမြန်ပဲ တစ်ဖက်ကမ်းသို့ ကပ်သွားသည်။ နောက်ကျ ကျန်နေခဲ့ပြီးဖြစ်တာမို့ သူတို့မှာ အနားယူဖို့ကော အစား စားဖို့အတွက်ပါ အချိန် မရှိတော့။ အံကြိတ်ရင်းသာ သူတို့အား စောင့်မျှော်လျက် ရှိနေသည့် ၇ ကီလိုမီတာနှင့် ၈ ကီလိုမီတာကြား အကွာအဝေးအား ခရီးနှင်ရတော့ပြန်သည်။

တာ့ရှုန်း လမ်းလျှောက်နေရင်း ဟောဟဲလိုက်လာသည်။ "ခုနက ကားထဲမှာသာ ခဏ မနားလိုက်ရရင် ငါ အခု လမ်းလျှောက်နိုင်တော့မှာတော့ မဟုတ်ဘူး။"

ပိုင်ရှင်းယွီ အားမရှိသလို ဝင်ပြောလိုက်သည်။ "ငါတော့ နားပြီးမှ ပိုပင်ပန်းလာသလိုပဲ။ ငါ့ခြေထောက်လည်း ပိုနာလာတယ် .."

ချန်းကျင်းပြောလိုက်သည်။ "အရင်က နာပေမယ့် ထုံနေပြီလေ။ အခုကျ နားလိုက်တော့ ကြွက်သား နာကျင်တာတွေက ထွက်လာကော။"

"ကျွန်တော်တို့ တကယ်ကော လုပ်နိုင်ပါ့မလား .." လျန်းရှောင်းမောင်း သက်ပြင်းချလိုက်သည်။ "အကယ်၍များ စခန်းထိ ရောက်အောင် သွားပြီးမှ ထွက်ရမယ်ဆို ဘယ်လိုများ လုပ်ရမလဲ။"

ဘယ်သူမှ ဘာမှပြန်မပြော၊ အကြောင်းကား ဒီမေးခွန်းကို ပြန်မဖြေချင်သောကြောင့်ပင်။ ပင်ပန်းနာကျင်မှုအားလုံး ခံစားပြီးကာမှ အဆုံးသတ်တွင် ရှုံးနိမ့်ခဲ့ပါက သူတို့ ဘယ်လိုများ လုပ်ရပါ့မလဲ။ လက်ခံရုံကလွဲပြီး သူတို့ ဘာများ လုပ်နိုင်မှာလဲ။ သို့ပေမယ့် နောက်ဆုံး ရလဒ်က မထွက်သေးတာမို့ အဆုံးသတ်လိုင်းကို တွားသွားရမည်ဆိုရင်တောင်မှ သူတို့ လက်လျော့လိုက်မှာ မဟုတ်။

မိုးသောက်ချိန်ပြီးနောက်တွင် ကင်းလှည့် ဟယ်လီကော်ပတာများ တစ်ဖန် ပြန်ပေါ်လာပြီး ကောင်းကင်အထက် လှည့်ပတ်လို့ ပျံသန်းနေသည်။ သူတို့မှာ ကတုတ်ကျင်း ပြုလုပ်ဖို့ အချိန်မရှိတာမို့ တောအုပ်နက်နက်ထဲ ဝင်ပြေးကာ ကျည်ဆံများကို ရှောင်ရှားဖို့ သစ်ပင်များကို အကာအကွယ်သဘော အသုံးပြုနေရသည်။ ဟယ်လီကော်ပတာက ခပ်နိမ့်နိမ့် ပျံသန်းနေပြီး ဗလာကျည်ဆံများက သူတို့ပုန်းကွယ်နေသည့် သစ်ပင်ကြီးအား ပစ်လွှတ်လို့နေကာ သစ်ခေါက်များပင် ကွာကျလာတော့သည်။ သေနတ် ထိမှန်လာသံက ကြောက်ခမန်းလီလီ။ သူတို့အကုန် အကာအကွယ်နောက်မှ ထွက်လာလို့ မရ။ ဟယ်လီကော်ပတာ ပျံသန်းရာ ရှုထောင့်ကို ကြည့်ရင် သစ်ပင်အား လှည့်ပတ်နေရပြီး ဒီအတိုင်းသာ ဆက်သွားပါက သူတို့ ဒီမှာတင် ပိတ်မိနေကာ အချိန်ဖြုန်းရာ ကျတော့မည်ဖြစ်သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now