84

16.8K 2.2K 1.3K
                                    

[Unicode]

'အရံလူတစ်ယောက် မဟုတ်ခဲ့။'

ပိုင်ရှင်းယွီ သူ့ကို ဟူးနန်းစားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်သွားလိုက်သည်။ ယွီဖုန်းချန် အစပ်စားရတာ မကြိုက်မှန်း သူ သိထားတာမို့ တမင် အစပ်ပိုကဲထားသည့်ဟင်းပွဲများကို စားပွဲအပြည့် မှာလိုက်ပြီး သူတစ်ယောက်တည်းသာ အကုန်စားပစ်တော့သည်။

ယွီဖုန်းချန်လည်း တကယ်ကို တစ်လုတ်နှစ်လုတ်မျှ စားပြီးသည်နှင့် တူပြန်ချသွားသည်။ သူ ဝိုင်တစ်ပုလင်းမှာလိုက်ပြီး ဖန်ခွက်နှစ်ခွက်တည်း လောင်းထည့်လိုက်သည်။ "ရှင်းယွီ၊ မတွေ့ရတာလည်း ကြာနေပြီပဲ။ အတူသောက်ရအောင်လေ။"

ပိုင်ရှင်းယွီဘက်မှ မော့ကြည့်လာခြင်းတောင် မရှိ။ "ငါ အရက်မသောက်ဘူး။"

ယွီဖုန်းချန် ပြုံးပြလာသည်။ "ရတယ်။ ငါ့ဘာသာပဲ သောက်လိုက်မယ်။" ပြောပြီးသည်နှင့် သူ ခွက်ထဲမှ ဝိုင်များကို တစ်ကျိုက်တည်း မော့သောက်ချလိုက်သည်။

သူတို့နှစ်ယောက်လုံး စပ်လွန်းသည့်အစားအစာများ စားသောက်နေတာမို့ ပူလောင်လာရသည်။ ယွီဖုန်းချန် သူ့အပေါ်ဝတ်ကို ဆွဲချွတ်လိုက်ရာ လက်ပြတ်တစ်ထည်သာ ဝတ်ထားလျက်ရှိတော့သည်။ သူ ဖန်ခွက်ကို မြှောက်ယူလိုက်ချိန် တံတောင်ကလည်း မြောက်တက်သွားတာမို့ ပိုင်ရှင်းယွီ သူ့အပေါ်လက်မောင်းတွင်ရှိနေသည့် အမာရွတ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအမာရွတ်က သစ်ကြားသီးအရွယ်ပမာဏ၏ တစ်ဝက်မျှရှိပြီး အတော်ကြည့်ရဆိုးလှသည်။ တစ်ချက်ကြည့်ရုံနှင့် အနာကျက်ထားတာ မကြာသေးမှန်းလည်း သိနိုင်သည်။

ပိုင်ရှင်းယွီအနေနှင့် ဒီအမာရွတ်က လောလောလတ်လတ် ရထားသည့် ဒဏ်ရာမှ လာမှန်း သိလိုက်သည်။ အကြောင်းကား သူ ဒီအမျိုးသား၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိနေတာကြောင့်ပင်။ အခုတော့ ... ဒီဆယ်လအတွင်း ယွီဖုန်းချန်၏ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်တွေ ဘယ်လောက်များများ ရှိနေပြီလဲ သူ မသိ။

ယွီဖုန်းချန် သူ့အကြည့်ကို သတိပြုမိသွားပြီး သူ့လက်မောင်းသူ ငုံ့ကြည့်လိုက်သည်။ "မင်း ထွက်သွားပြီးတဲ့နောက်ပိုင်း ဓားတိုတစ်ချောင်း ဒီကနေ ထိုးဝင်သွားတာ။ မင်း စောစောထွက်သွားရတာတောင် ငါ အရမ်းဝမ်းသာမိတယ်။ 'နှင်းကျားသစ်တပ်မဟာ'က တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရမှုနှုန်း အနည်းဆုံးကို ပိုင်ဆိုင်ထားတဲ့ အထူးတပ်ဖွဲ့ဆိုပေမယ့် မစ်ရှင်ထွက်ရတဲ့အချိန်တိုင်းလိုလို သေတဲ့သူ၊ ဒဏ်ရာရသွားတဲ့သူ ရှိစမြဲပဲ။ ငါ မင်းကိုတော့ ဒီ့ထက်ပိုပြီး ဒဏ်ရာ မရစေချင်တော့ဘူး။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now