ပိုင်ရှင်းယွီ၏မျက်လုံးများ မှေးကျဉ်းလို့သွားသည်။ "ရတယ်။ ငါ မင်းအတွက် ကော်ပီတစ်ပုံ ကူးပေးလာမယ်။ ပြောတော့။ မင်းတို့ ဘာအကြောင်းတွေ ပြောဖြစ်ကြလဲ။"

"မန်နေဂျာရွှီက ခင်ဗျားနဲ့ တွေ့ဖြစ်တဲ့အကြောင်းရယ်၊ ခင်ဗျား ကုမ္ပဏီထောင်ဖို့ကိစ္စရယ်၊ ခင်ဗျား အာဖရိက သွားလေ့လာချင်တဲ့အကြောင်းတွေရယ် ပြောပြတယ်။"

"အဲ့ဒါပဲလား။"

"ပြီးတော့ အမှုမဲ့အမှတ်မဲ့ ယွီဖုန်းချန်ကို ချီးကျူးပေးသလို စကားတွေပြောလာတယ်။"

ပိုင်ရှင်းယွီ တံတွေးမြိုချမိသွားသည်။ "ဒီကိစ္စနဲ့ ငါ့ကို စိတ်မတိုလောက်ဘူးမလား။"

"ခင်ဗျားက ကျွန်တော့်ကို လာမေးနေတာလား။" လီယွီမျက်နှာပေါ်တွင် 'သေချာရဲ့လား' ဟူသည့် အမူအရာက အခန့်သားရှိနေလျက်။

ပိုင်ရှင်းယွီ သက်ပြင်းချလျက် ဥက္ကဌရုံးခန်းထဲသာ ဝင်သွားလိုက်ရသည်။

ရုံးခန်းထဲ ဝင်သွားလိုက်သည်နှင့် ကျန်းဆွေ့ယင်းက သူ့ကုလားထိုင်ပေါ်တွင် ခြေချိတ်လျက်သား ထိုင်နေပြီး ပိုင်ရှင်းယွီကို စွေစောင်း၍ကြည့်လာသည်။

ပိုင်ရှင်းယွီ ပြုံးလျက်ပြောလိုက်သည်။ "ကော၊ မန်နေဂျာရွှီက မဆိုးဘူးမလား။ တော်တော်လေး အားကိုးရပါတယ်။"

"အို့၊ မဆိုးဘူး။ ပိုက်ဆံပေးဖို့ အပြေးရောက်လာသလိုပဲ။ သူ့မျက်နှာ ဘယ်လိုပုံစံလဲဆိုတာတောင် ငါ မမှတ်မိတော့ဘူး။ မျက်နှာအစား ပိုက်ဆံတွေပဲ ငါ မြင်နေရတယ်။"

"ကော၊ ကျွန်တော် ကျိန်ရဲတယ်၊ ကျွန်တော် ဘာဆိုဘာမှ မသိဘူး။"

"မင်း မသိမှန်း ငါ သိတယ်။ ဒါပေမယ့် မင်း ရည်းစားဟောင်းလေး ဘာလုပ်ဖို့ကြံနေတာလဲဆိုတာတော့ မင်း သိထားသင့်ပြီမလား။"

ပိုင်ရှင်းယွီ ကြောင်အသွားပြီး 'ရည်းစားဟောင်း' ဟူသည့် စကားလုံးသုံးလုံးကြောင့် စိတ်ထဲ နည်းနည်း နေရခက်သွားတော့သည်။ ကြားလိုက်ရုံနှင့်ကို သူ့တစ်ကိုယ်လုံးပေါ်တွင် ကြက်သီးများ ထလာတာမို့ သူ ခေါင်းခါပြရင်း ပြောလိုက်သည်။ "ကျွန်တော် မသိဘူး။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now