ညနေ လေးနာရီထိုးသည်နှင့် ဖုန်းသုန့်ယွမ် သူ့အလုပ်များ အပြီးသတ်နိုင်ခဲ့ပြီး ပိုင်ရှင်းယွီလည်း သူ့ကို အပြင်ခေါ်သွားတော့သည်။

ဒီနေ့ ယွီဖုန်းချန်က သူ့ကို ကျုံးဝေလုပ်ငန်းစု၏ အပြည်ပြည်ဆိုင်ရာလုံခြုံရေးဌာနရဲ့ ခေါင်းဆောင်ဖြစ်သူနှင့် တွေ့ဆုံစေရန် ချိန်းပေးထားသည်။ ပိုင်ရှင်းယွီ အချိန်အတော်ကြာတွေးတောပြီးမှ သွားတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။ ဒီလိုလူမျိုးက သူ တွေ့ချင်လျှင် အချိတ်အဆက်ရှိဖို့ လိုအပ်တာမျိုးဖြစ်သည်။ အခု လွယ်လွယ်ကူကူ တွေ့လို့ရနေချိန် ဒီလိုအခွင့်အရေးမျိုးကို သူ တကယ် လက်မလွှတ်လိုက်ချင်။ ထို့ကြောင့် သူ ယွီဖုန်းချန်နှင့် နှစ်ယောက်တည်း ရှိမနေစေရန် ဖုန်းသုန့်ယွမ်ကို ခေါ်သွားဖို့သာ ကြံလိုက်လေသည်။

သူတို့ ကော်ဖီဆိုင်သို့ ရောက်ချိန်မှာတော့ ခွဲ့ကန့်ထားသည့် အခန်းငယ်လေးထဲတွင် ထိုင်နေတဲ့ ယွီဖုန်းချန်နှင့် ဝန်ကြီးတစ်ယောက်ကို မြင်လိုက်ရလေသည်။

ပိုင်ရှင်းယွီ ထိုလူကြီးကို မြင်တာနှင့် ထိုသူက အရင်က စစ်သားဖြစ်ခဲ့ဖူးမှန်း တန်းသိလိုက်သည်။ စစ်မှုထမ်းခဲ့ဖူးတဲ့လူတိုင်း သူတို့ခန္ဓာကိုယ်အတွင်းမှ အရှိန်အဝါတစ်ခု ဖြန့်ထွက်လို့နေပြီး ပုံပန်းသဏ္ဉာန် ကျသွားရင်တောင်မှ ဖုံးဖိထားလို့ မရနိုင်ပေ။

ယွီဖုန်းချန် မတ်တပ်ထရပ်ရင်း အံ့ဩတကြီး ပြောလာသည်။ "သုန့်ယွမ်?"

ဖုန်းသုန့်ယွမ် ပြုံး၍ပြောလိုက်သည်။ "ဖုန်းချန်၊ ငါတို့အချင်းချင်း မတွေ့ဖြစ်တာ အတော်ကြာပြီပဲ။"

သူတို့အချင်းချင်း လက်ဆွဲနှုတ်ဆက်ရင်း စကားကောင်းများ အနည်းငယ်ပြောလိုက်ကြသည်။ ထို့နောက်မှာတော့ ယွီဖုန်းချန်၏အကြည့်များက ပိုင်ရှင်းယွီပေါ်တွင်သာ အမြဲရှိနေတော့သည်။ "ရှင်းယွီ၊ မင်းကို မိတ်ဆက်ပေးရဦးမယ်။ ဒါက ကျုံးဝေလုပ်ငန်းစုရဲ့ အပြည်ပြည်ဆိုင်ရာလုံခြုံရေးဌာန ခေါင်းဆောင် မန်နေဂျာရွှီ။ မန်နေဂျာရွှီ၊ ဒါ ကျွန်တော့်ရဲ့ရဲဘော်ရဲဘက်၊ ပိုင်ရှင်းယွီ။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now