ပိုင်ရှင်းယွီ ထေ့ငေါ့မှုအပြည့်နှင့် ရယ်ချလိုက်သည်။ သူ ထိန်းချုပ်ထားချင်ပေမယ့် လှောင်ရယ်သံ ထွက်ပေါ်လာခြင်းက တားမနိုင်ဆီးမရ။ မတတ်နိုင်၊ အကြောင်းအရင်းကတော့ ယွီဖုန်းချန် စကားများက အတော်လေးယုတ္တိမရှိတာကြောင့်ပင်။ ပြောနေခြင်းက သူ ဒဏ်ရာရသွားခဲ့စဉ် ယွီဖုန်းချန် တစ်ခုခု လုပ်ပေးခဲ့သည့်အလား။ သို့ပေမယ့် သူ ဘာမှ ပြန်ပြောမနေပဲ စားပွဲပေါ်မှ ဝိုင်ခွက်ကိုသာ လှမ်းယူပြီး တစ်ငုံ ငုံသောက်လိုက်တော့သည်။

စပ်၏။ ပူစပ်စပ် အစားအစာများနှင့် ပူစပ်လွန်းသည့်ဝိုင်။ သူ့နှလုံးသားတစ်ခုလုံး လောင်ကျွမ်းလာသလိုပင်။

ယွီဖုန်းချန် မျက်ဝန်းထဲ အရောင်မှေးမှိန်သွားပြီး အသက်ရှုရတာလည်း ခက်ခဲလာတော့သည်။ "ရှင်းယွီ၊ ငါ အတိတ်ကလုပ်ခဲ့တာတွေနဲ့ပတ်သတ်ပြီး ဖြေရှင်းချက်မထုတ်ပါဘူး။ ငါ မင်းအပေါ် ကိစ္စတိုင်းလိုလိုမှာ အမှားတွေလုပ်မိခဲ့တယ်။ အဲ့အချိန် ထွက်သွားခဲ့တာလည်း .."

"အရင်ကအကြောင်းတွေ ငါ့ရှေ့ လာမပြောနဲ့။" ပိုင်ရှင်းယွီ သူ့ကို ဝိုင်တစ်ခွက် ဖြည့်ပေးလိုက်သည်။ "လာ၊ ဒီတစ်ခွက်က ငါ့ရဲ့ ရဲဘော်ရဲဘက်တွေ၊ နိုင်ငံကို ကာကွယ်ပေးနေတဲ့စစ်သားတွေအပေါ် ထားတဲ့ လေးစားသမှု။"

ယွီဖုန်းချန် တောင့်တင်းသွားပြီးမှ သူနှင့် ခွက်ချင်းတိုက်လာသည်။

ပိုင်ရှင်းယွီ အကုန်သောက်ပြီးသည်နှင့် ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။ "မင်း စားလို့ ဝပြီလား။ ငါတော့ ဝပြီ။"

ယွီဖုန်းချန် ခေါင်းခါပြသည်။ "ဟင့်အင်း"

"ဒါဆိုလည်း မင်း ဖြည်းဖြည်းချင်း စား၊ ငါ ပိုက်ဆံသွားရှင်းလိုက်မယ်။ ပြီးတော့ ငါ ကိစ္စလေး ရှိသေးလို့ အရင်ပြန်နှင့်ပြီ။" ပိုင်ရှင်းယွီ ပြောပြီးသည်နှင့် ထရပ်ဖို့ လုပ်လိုက်သည်။ ဒီလိုမျိုး ယွီဖုန်းချန်နှင့်အတူ မျက်နှာချင်းဆိုင် ထိုင်နေရခြင်းက သူ့အတွက် တကယ် အဆင်မပြေလှ။ နေရခက်စေ၏။

ယွီဖုန်းချန် သူ့လက်ကို လှမ်းဆွဲလို့ထားသည်။ ပိုင်ရှင်းယွီ ခဏကြာအောင် ဆွဲရုန်းကြည့်ပေမယ့် လွတ်ထွက်နိုင်ခြင်း မရှိတာမို့ သူ ယွီဖုန်းချန်ကို စူးကနဲ စိုက်ကြည့်လိုက်သည်။ ယွီဖုန်းချန်ကလည်း မျက်တောင် မခတ်တမ်း သူ့ကို ငေးကြည့်လို့နေသည်။ ပိုင်ရှင်းယွီ သူတို့ဘေးဘီတွင် လူများရှိနေတာကို မြင်လိုက်ရသည်။ ယွီဖုန်းချန်က အရှက်မရှိသည့်နေရာတွင် ဆရာတစ်ဆူဖြစ်မှန်း သူ သိထားပြီးဖြစ်တာမို့ ရွေးချယ်စရာမရှိ ပြန်ထိုင်ရတော့သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now