ရုတ်တရက် လူတစ်ယောက် တံခါးပေါက်မှ ဖြတ်ဝင်လာသည်။ "ခင်ဗျားက ဒီရောက်နေတာကိုး။"

သူတို့နှစ်ယောက်လုံး လှည့်ကြည့်လိုက်ချိန် အသိတစ်ခုက ပိုင်ရှင်းယွီခေါင်းထဲ ဖြတ်ပြေးဝင်လာသည်။ ဒီကောင်လေးက ဖုန်းသုန့်ယွမ်၏ 'အထူးဂရုစိုက်ခံ' စစ်သားလေးဖြစ်၏။ မတွေ့ရတာ တစ်နှစ်ကြာပြီးသည့်နောက် အရင်ကထက် ပိုမိုဖြောင့်မတ်တည်ကြည်လာပုံပင်။

ဖုန်းသုန့်ယွမ် ပြောလိုက်သည်။ "မင်း ငါ့ကို ကိစ္စရှိလို့ ရှာတာလား။"

ထိုကောင်လေးက အနားလျှောက်လာပြီး ပိုင်ရှင်းယွီကို တစ်ချက်လှမ်းကြည့်ကာ ဇလုံထဲမှ အဝတ်များထံသို့ အကြည့်ရောက်သွားလေသည်။ သူ့မျက်ခုံးများက ချက်ချင်းဆိုသလို တွန့်ကြုတ်သွားပြီး ပိုင်ရှင်းယွီကို ကြည့်သည့်အကြည့်များကလည်း ခုနကလောက် တရင်းတနှီး မရှိတော့။ "ကိစ္စမရှိရင် ခင်ဗျားကို လာရှာလို့မရတော့ဘူးလား။"

ဖုန်းသုန့်ယွမ် ပြုံးပြီးပြောလိုက်သည်။ "ငါတို့ စကားပြောနေတာ။ မင်းကော အဝတ်လျှော်မလို့လား။"

"မလျှော်ဘူး။"

ပိုင်ရှင်းယွီ မျက်ခုံးပင့်ကြည့်လိုက်သည်။ "မင်းတို့က တန်းခွဲတစ်ခုတည်းလား။"

ဖုန်းသုန့်ယွမ် ပြောလာ၏။ "မဟုတ်ဘူး။ သူက တန်းခွဲ(၂)က။"

သူတို့လည်း အာရုံမထားတော့ပဲ စကားဆက်ပြောနေလိုက်ကြသည်။ ထိုကောင်လေးက သူ့ဘေးတွင်ရပ်နေပြီး အဝတ်လည်း မလျှော်သလို စကားလည်း ဝင်မပြော၊ ဖုန်းသုန့်ယွမ် လက်ကိုသာ ငေးကြည့်နေတာမို့ ပိုင်ရှင်းယွီမှာ တဖြည်းထက် တဖြည်း နေရခက်လာတော့သည်။ အဝတ်များလျှော်ပြီးသည်နှင့် ပိုင်ရှင်းယွီလည်း အဆောင်သို့ ပြန်သွားလိုက်လေသည်။

ဟော့ချောင်အဖျားက အကင်းမပျောက်သေး။ သူက ဆေးချိတ်ထားရင်း အိပ်ရာပေါ်ထိုင်နေလျက် လောင်-ရှားနှင့်အတူ သတင်းအချက်အလက်များ လေ့လာနေသည်။ ပိုင်ရှင်းယွီ အဆောင်ခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် ဟော့ချောင်ဘေးတွင် စောင့်ရှောက်ပေးလျက်ရှိနေသည့် ယွီဖုန်းချန် ပြောလာတာကို ကြားလိုက်ရသည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now