ယွီဖုန်းချန် ယန့်ရှောင်းကျင်းလက်မောင်းများကို အနောက်ဆွဲဆန့်လိုက်သည်။ ယန့်ရှောင်းကျင်းထံမှ နာကျင်သလို ခပ်တိုးတိုးအသံထွက်လာပြီး ယွီဖုန်းချန်ကို မျက်လုံးစူးစူးများဖြင့် လှည့်ကြည့်လာသည်။

ယွီဖုန်းချန်ကတော့ အမှုမထားသလို ပြောလိုက်သည်။ "နာမှာကြောက်နေရင် ဘာလို့နှိပ်နေလဲ။"

ယန့်ရှောင်းကျင်း ကြိတ်မှိတ်ပြုံးလိုက်သည်။ "မနာဘူး၊ ဆက်လုပ်။"

ယွီဖုန်းချန် ယန့်ရှောင်းကျင်း၏နောက်ကျောကို သူ့ဒူးခေါင်းဖြင့်ဖိထားလိုက်သည်။ ထိုလုပ်ဆောင်ချက်က ပခုံးနှင့်လည်ပင်းရှိ တောင့်တင်းနေသည့်အကြောများကို ဖြေလျော့စေရန်ဖြစ်သည်။ ထိရောက်မှုရှိပေမယ့် အနှိပ်ဆရာများတောင် တစ်ဆင့်ချင်း လုပ်ရတာဖြစ်၏။ သူတို့တောင် စနှိပ်ကတည်းက ယွီဖုန်းချန်လိုမျိုး ကြမ်းကြမ်းတမ်းတမ်းမလုပ်ရဲ။

ယန့်ရှောင်းကျင်းမျက်နှာက နာကျင်မှုကြောင့်ဖြူလျော့လာပေမယ့် ဘာမှမပြောနိုင်။ အံကြိတ်ရင်းသာ "အား အတော်ပြင်းသား" ဟု ပြောလိုက်နိုင်သည်။ ပြောပြီးသည်နှင့် သူ ယွီဖုန်းချန် လက်ကောက်ဝတ်ကို လှမ်းဆုပ်ပြီး ပြောလိုက်သည်။ "လူပြောင်းရအောင်။" သူ့လက်ကို လှမ်းဆုပ်ကိုင်လိုက်ရာတွင် မသိမသာ အားထည့်ထားလိုက်သည်။

ယွီဖုန်းချန် သူ့သွားဖြူဖြူများ ပေါ်လာသည်အထိ ပြုံးပြလာသည်။ "တစ်ယောက်ပြီးမှ တစ်ယောက်ပေါ့။"

ပိုင်ရှင်းယွီ နှိပ်နေသည်ကို ရပ်ကာ ချန်းကျင်းအား မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြပြီး သူတို့နှစ်ယောက်လုံး သိုသိုသိပ်သိပ် အားပြိုင်နေသည့်လူနှစ်ယောက်ကို လှမ်းကြည့်လိုက်ကြသည်။ သို့ပေမယ့် ထိုနှစ်ယောက် ဘယ်လိုဖြစ်နေကြတာလဲ သူတို့နှစ်ယောက်လုံး မသိ။

သူတို့နှစ်ယောက်လုံးက ထရန်သတ်တော့မည့်ပုံပေါ်ကနေတာမို့ ချန်းကျင်း အိပ်ရာပေါ်မှ ထကာ ပြောလိုက်သည်။ "ငါ ရေသွားချိုးမလို့၊ ဘယ်သူလိုက်မလဲ။"

ပိုင်ရှင်းယွီ ခေါင်းခါလိုက်သည်။ "ကျွန်တော် မသွားချင်ဘူး။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now