ချန်းကျင်း ပြောလိုက်သည်။ "ရသေးတယ်။ ဒီကိုရောက်လာပြီးမှတော့ ပြန်သွားဖို့စိတ်ကူး ငါ့မှာမရှိဘူး။"

ပိုင်ရှင်းယွီလည်း ဘာမှ ထပ်မပြောတော့။ ဟုတ်သည်၊ သူတို့အကုန်ရောက်လာပြီးမှတော့ ဘယ်သူမှ ပြန်သွားချင်စိတ်မရှိ။ တကယ်တော့ ဒါက မျက်နှာရခြင်းနှင့်လည်း ဆိုင်သေးသည်။ လူတော်တော်များများက သူတို့အတွက်သူတို့ ကြိုးစားချင်ကြခြင်းဖြစ်ပေမယ့် သူကတော့ ထိုအရာများထက်အလွန်အရေးကြီးသည့် အခြားအကြောင်းအရင်းတစ်ခုလည်းရှိနေသေးသည်။ သူ့အကြည့်များက တိတ်တဆိတ်နှင့် မျက်နှာချင်းဆိုင်ရှိ အိပ်ရာထံသို့ ရောက်သွားသည်။ ယွီဖုန်းချန်က အိပ်ရာအထက် လှဲလျောင်းနေပြီး မျက်လုံးများပိတ်ကာ အနားယူနေသည်။

ခဏကြာနှိပ်နယ်ပြီးသည့်နောက် သူတို့လူပြောင်းလိုက်ကြသည်။ ပိုင်ရှင်းယွီ ချန်းကျင်းကို နှိပ်ပေးနေစဉ်အတွင်း ယန့်ရှောင်းကျင်း ကုတင်ပေါ်မှခုန်ချကာ သူတို့အနား တိုးကပ်လာသည်။ "ငါလည်း ခြေထောက်တွေနာပြီး နေရခက်နေလို့ တစ်ယောက်လောက် နှိပ်ပေးလို့ရမလား။"

ပိုင်ရှင်းယွီ ယွီဖုန်းချန်ကို လှမ်းမေးပေးမလို့ လုပ်လိုက်ပေမယ့် ယွီဖုန်းချန်နှင့် ယန့်ရှောင်းကျင်းအကြား ထူးထူးဆန်းဆန်းတင်းမာမှုအချို့ရှိနေတာကို သူသတိရလာသည်။ ရန်လိုသည်ဟုလည်း ပြောရခက်ပေမယ့် သူတို့နှစ်ယောက်သင့်မြတ်ခြင်းမရှိတာကတော့ လူတိုင်းသိသည့်ကိစ္စပင်။ သူတို့နှစ်ယောက်လုံးကတော်လွန်း၍ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်ချင်စိတ်များနေကာ အချင်းချင်း လက်သင့်မခံနိုင်တာလည်း ဖြစ်တန်ရာ၏။ ထို့ကြောင့် သူဝင်ပြောလိုက်သည်။ "ခဏနေ ငါမင်းကို နှိပ်ပေးမယ်။"

ပိုင်ရှင်းယွီ ပြောပြီးသည်နှင့် ယွီဖုန်းချန် မျက်ဝန်းများက ပွင့်လာပြီး စက်ရုပ်တစ်ရုပ်လို သူ့ခေါင်းကို လှည့်ပြီး ယန့်ရှောင်းကျင်းအား ပြောလိုက်သည်။ "ဒီလာ။ ငါ မင်းကိုနှိပ်ပေးမယ်။"

ယန့်ရှောင်းကျင်း သူ၏မက်မွန်ပန်းသဏ္ဌာန် မျက်ဝန်းလေးကို မှေးကျဉ်းပြီးကြည့်လိုက်သည်။ "တကယ်လား၊ ဒါဆို ငါအားမနာတော့ဘူးနော်။" ပြောပြီးသည်နှင့် သူ ယွီဖုန်းချန် အိပ်ရာရှိရာသို့ လျှောက်သွားပြီး လှဲချလိုက်သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now