အဆောင်ပြန်ရောက်ချိန် ချန်းကျင်းက ဖြစ်ပျက်ခဲ့သမျှ အလုံးစုံ ပြန်ပြောပြလိုက်သည်။ တစ်တန်းလုံး၏ တုန့်ပြန်လာချက်များက ပိုင်ရှင်းယွီအတွက် မမျှော်လင့်ထားမိတာမျိုးတော့ မဟုတ်။ အချို့က သူ့အား ဂုဏ်ပြုလာပေမယ့် အချို့ကတော့ လက်မခံပေးနိုင်။ သို့ပေမယ့် သူ့ဘက်ကလည်း ဂရုစိုက်မနေပေ။ သူ လက်ဆောင်များဖြင့် ဖားယားပြီး အနောက်ပေါက်မှ လမ်းပွင့်လာခဲ့သည်မဟုတ်၊ သူလည်း သူ့ကြိုးစားမှုများဖြင့် အခွင့်အရေးကို ရရှိခဲ့တာပင်!

သူ ပါဝင်ရန် ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် အရွေးချယ်ခံလိုက်ရရင်တောင်မှ အောင်မြင်ဖို့အထိ မဖြစ်နိုင်မှန်း ပိုင်ရှင်းယွီ သိထားပြီးဖြစ်သည်။ သို့ပေမယ့် ရွှီချွမ် သူ့အား ဒီလိုအခွင့်အရေးမျိုး ပေးလာသည်က ဒီကာလအပိုင်းအခြားအတွင်း ပြုလုပ်ခဲ့သည့် သူ့ကြိုးစားမှုများကို အသိအမှတ်ပြုပေးလိုက်သည့်အပြင် ဖိန့်ဖိန့်တုန် 'နှင်းကျားသစ်တပ်မဟာ' အဖွဲ့အစည်းအား အနည်းငယ်မျှဖြစ်ဖြစ် ထိတွေ့ခွင့် ရနိုင်အောင် အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။ အနည်းဆုံးတော့ သူနှင့် ယွီဖုန်းချန် သွားရာလမ်း တူနေသေးသဖြင့် သူသာ ကြိုးစားပါက အခြားသူများထက် ဆိုးဝါးနေတာမျိုး မရှိဆိုသည့် အကြောင်းကို သိရှိလာစေသည်။

ထိုညက ပိုင်ရှင်းယွီ ဝူချင်းအား အကြောင်းစုံပြောပြရန် ဟင်းချက်ဆောင်သို့ အပြေးသွားလိုက်သည်။ ဝူချင်း ထိုအကြောင်းကို ကြားချိန်မှာတော့ ပိုင်ရှင်းယွီ တွေးထားသလို အံ့အားသင့်သွားခြင်း မရှိပဲ ပြုံးရုံသာ ပြုံးလာသည်။ "အိုး၊ ဘယ်ဆိုးလို့လဲ။"

ပိုင်ရှင်းယွီ ခေါင်းစောင်းကြည့်လိုက်သည်။ "ခေါင်းဆောင်ဝူ၊ မအံ့ဩဘူးလား။ တပ်မှုးက ကျွန်တော့်ကို ရွေးလိုက်တာလေ။"

"မအံ့ဩပါဘူး။"

ပိုင်ရှင်းယွီ ပျော်ရွှင်မှုများဖြင့် ပြောလိုက်သည်။ "ဒါဆို ခေါင်းဆောင်လည်း ကျွန်တော် အများကြီး တိုးတက်လာတယ်လို့ ထင်တယ်မလား။"

ဝူချင်း ခေါင်းငြိမ့်ပြသည်။ "မင်း အများကြီး တိုးတက်လာတယ်။ မင်းတို့ခေါင်းဆောင် ပြန်ပြောပြလို့လည်း ငါ ကြားထားပါတယ်။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now